ကျောက်ဖြူနဲ့ မြေပုံက မွတ်ဆလင် ဒုက္ခသည်တွေကို အတည်တကျ နေရာချထားပေးမယ့် မြေနေရာ ရှာဖွေ

ကျောက်ဖြူ ကျောက်တစ်လုံး မွတ်ဆလင် ဒုက္ခသည် စခန်း။ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့ မြေပုံမြို့
က မွတ်ဆလင် ဒုက္ခသည် တွေကို အတည်
တကျ နေရာချထားပေးမယ့်
 မြေနေရာကို သက်ဆိုင်ရာက လိုက်လံ
 ရှာဖွေ ကြည့်ရှု့နေတယ်လို့ ဆိုပါတယ်။


“ ဒီလို နေရာ ရှာနေတယ် ဆိုကတည်းက မွတ်ဆလင်တွေကို ရခိုင်တွေနဲ့ ရောမထားတော့ဘူး ဆိုတာက သေချာသွားပါပြီ။ သူတို့ကို အခု သီးသန့် နေရာပေးထားပြီး ထားနိုင်ရေး အတွက် စီစဉ်နေပါပြီ။”
ဒါကတော့ ကျောက်ဖြူမြို့ပေါ်က အမည်မဖေါ်လိုသူ အစိုးရ အရာရှိ တစ်ဦးရဲ့ စကား ဖြစ်ပါတယ်။

မွတ်ဆလင်တွေကို နေရာချထားပေးရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ ဆောင်ရွက်နေတဲ့ အပိုင်းကို သူက နိရဉ္စရာကို ပြောပြတာ ဖြစ်ပါတယ်။

ကျောက်ဖြူ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဥာဏ်လင်းအောင်နဲ့ ခရိုင်ရဲမှူး ဦးစံရွှေမောင်တို့ဟာ များမကြာမှီက မြေပုံမြို့နယ် ငသန့်သာ ကျွန်းကို သွားရောက်ပြီး မွတ်ဆလင် ဒုက္ခသည်တွေကို ကျေးရွာ တည်ထောင်ပေးနိုင်တဲ့ အနေအထား ရှိ/ မရှိ သွားရောက် လေ့လာကြည့်ရှု့ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်တွေ အနေနဲ့ မွတ်ဆလင်တွေနဲ့ ဘယ်လိုမှ ရောနှော နေထိုင်လို့ မဖြစ်နိုင်တော့ဘူးလို့ သက်ဆိုင်ရာကို တင်ပြလာပြီးနောက်ပိုင်းမှာ အာဏာပိုင်တွေက ခုလို မြေနေရာတွေကို ရှာဖွေ လာတာလည်း ဖြစ်ပါတယ်။

ဒီဇင်္ဘာလ ၂၈ ရက်နေ့  နေ့လည် ၂ နာရီခန့်မှာ ကျောက်ဖြူ  မြို့မဈေးကို ကျောက်တလုံး ဒုက္ခသည်စခန်းက မွတ်ဆလင်  အမျိုးသမီး ၅ ဦး ဟာ  ရဲအစောင့်အရှောက်ပါတဲ့ ထွေလာဂျီတစီးနဲ့ ဈေးဝယ်ဖို့ ရောက်လာရာမှာ ဈေးသူ
 ဈေးသားတွေက ဈေးတံခါးကို ပိတ်လိုက်တဲ့ အတွက် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်လို့ သိရပါတယ်။

ဒီလို ဖြစ်နေတဲ့အချိန်မှာ လူ ၁၀၀ လောက် စုမိသွားပြီး အခြေအနေက တင်းမာလာတဲ့ အတွက် အတူပါလာတဲ့ ရဲတွေက ရှောင် ထွက်သွားကြပြီး အဲဒီ အမျိုးသမီး ၅ ဦးလည်း ထွေလာဂျီနဲ့ ဒုက္ခသည် စခန်းကို  ပြန်သွားကြတယ်လို့ ဆိုပါတယ်။

ဒါကတော့ အာဏာပိုင်တွေက ရခိုင်ဒေသခံတွေရဲ့ မွတ်ဆလင်တွေ အပေါ် ထားတဲ့ သဘောထားနဲ့  ပြန်လည် သင့်မြတ်နိုင်တဲ့ အနေအထား ရှိ မရှိဆိုတာကို  အကဲစမ်းတာ ဖြစ်နိုင်တယ်လို့ ကျောက်ဖြူမှ ရှေ့နေ တစ်ဦးက ပြောပါတယ်။

ကျောက်ဖြူ ဒေသခံ အများစုကတော့ ရဲတွေဟာ မွတ်ဆလင်တွေဆီက ပိုက်ဆံ ယူပြီး ခုလို ဈေးလာဝယ်ဖို့ လိုက်ပို့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့ဟာ အရင်က မွတ်ဆလင်တွေနဲ့ ချစ်ချစ်ခင်ခင် အေးအေးချမ်းချမ်းနဲ့ ဘာမှ ပြဿနာ မရှိဘဲ နေခဲ့တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

 ဒါပေမယ့်လည်း အောက်တိုဘာလ ဆူပူ အကြမ်းဖက်မူတွေ ဖြစ်ပွားပြီးကတည်းက မွတ်ဆလင်တွေကို မုန်းတီးမူတွေ နာကျည်းမူတွေ ကြီးထွားလာပါတယ်။

“ သူတို့က ကျောက်ဖြူမှာ အေးအေးဆေးဆေး ဖြစ်နေတာကို အလိုလို နေရင်း ကိုယ့်အိမ်တွေကို ကိုယ်မီးရှို့တယ်။ ရခိုင်အိမ်တွေကို မီးကွင်းပစ်တယ်။

တိုက်ခိုက် တယ်။ ဒေသခံ ကျောက်ဖြူ မြို့သားတွေက နောက်ဆုံး သည်းမခံနိုင်တော့ လက်တုန့်ပြန်တော့ ပြဿနာက ထိန်းမနိုင် သိမ်းမရ ဖြစ်သွားခဲ့တယ်။ အခု တစ်ခါ ပြန်ပြီး လက်ခံရင် ပြဿနာက ပိုဆိုးသွားမယ်” လို့ သူက ဆိုပါတယ်။

ဒေသခံတွေ အကြားမှာ စိုးရိမ်မူတွေ ကြီးထွားနေသလို မွတ်ဆလင်တွေ အပေါ် သံသယတွေလည်း ကြီးထွား နေတယ်ဆိုတာ ဟုတ်မှန်တယ်လို့ အထက်တန်းရှေ့နေ တစ်ဦးဖြစ်သူ  ဦးတင်မြင့်ကလည်း ပြောပါတယ်။

“ စိုးရိမ်တယ်ဆိုတဲ့ အပိုင်းမှာကတော့ တဖက်နဲ့တဖက် ပဋိပက္ခ ဖြစ်နေတဲ့ အနေအထားမှာတော့ သံသယဖြစ်တာတော့ သဘာဝပါ။ ရှိနိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။”

ဒုက္ခသည် စခန်းတွေမှာ ရှိနေတဲ့ မွတ်ဆလင် အများစုကတော့ ကျောက်ဖြူမြို့ သူတို့ရဲ့ နေရာဟောင်းတွေကို ပြန်သွားချင်နေကြတယ်လို့ ဆိုပါတယ်။

 ကျောက်ဖြူမြို့ ကျောက်တစ်လုံး (ဆားကွင်း) စခန်းမှာ မွတ်ဆလင် ဒုက္ခသည် ၁၄၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

 အလားတူ မြေပုံမြို့မှာလည်း ဒုက္ခသည် သုံးထောင်ကျော်ခန့်ရှိပြီး သူတို့ နေရာကို သူတို့ ပြန်ချင်ကြပေမယ့် ဒေသခံ ရခိုင်တွေကတော့ လုံးဝ လက်ခံဖို့ ငြင်းဆိုနေကြပါတယ်။

လူမျိုးနှစ်မျိုး အကြားမှာ ပြန်လည် သင့်မြတ်ရေး အတွက် အတူ နေထိုင်ဖို့ လိုအပ်တယ်လို့ တချို့က ပြောဆိုနေပေမယ့် လောလောဆယ်မှာ အတူ ပြန်နေရာချထားပေးရင် ပြဿနာ ဆက်ဖြစ်လာနိုင်တဲ့ အတွက် ပိုပြီး ဆိုးကျိုးတွေသာ ကြုံတွေ့ရနိုင်တာကြောင့် အခုအခါ လူအတော်များများကတော့ ရောနှောမထားဘဲ သီးသန့်ထားတာက ပိုပြီး သင့်တော် ကောင်းမွန်မယ်ဆိုတဲ့ အယူအဆ အပေါ် ပိုပြီး လက်ခံ လာကြတယ်လို့ သိရပါတယ် ခင်ဗျား။


 ( နိရဉ္စရာ)

SHARE THIS
Previous Post
Next Post