ဗိုလ်တထောင်ဆိပ်မှ ကုန်တင်လုပ်သားများ ဆက်လက်ရပ်တည်ရန်ခက်ခဲလာ



မိုးမြင့်ကျော် (မြစ်မခ)
by Myit Makha Mediagroup on 3 Jan, 2013



 ဗိုလ်တထောင်ဆိပ်ကမ်းတွင် ဆိပ်ခံဗောတံတား(၈)စင်းရှိသော်လည်း အသုံးပြု၍ရသည့် ဆိပ်ခံတံ တားမှာ တစ်စင်းတည်း ရှိသည့်အတွက် ကုန်တင်ကုန်ချလုပ်သားများအနေဖြင့် စားဝတ်နေရေး အခက် တွေ့ နေကြောင်း သိရသည်။

တံတား(၈)စင်းတွင် တံတားအမှတ်(၅)တစ်စင်းသာ ကောင်းမွန်ပြီး အဆိုပါတံတားကိုလည်း ကုန်သင်္ဘောကြီးများ ဆိုက်ကပ်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ အခက်အခဲဖြစ်နေခြင်းဖြစ်သည်။
 
 “အရင်တုန်းဒီမှာ ဘိုကလေးဆန် သင်္ဘောတွေလာတယ်။ အခု ဘိုကလေးသင်္ဘောတွေ ဒီမှာ လာကပ်ရမယ်ဆိုပြီး တရားဝင်စာထုတ်တာတောင် ကုန်သည်ပွဲစားတွေက ကုန်တင်ကုန်ချ ခက်ခဲတယ်ဆိုပြီး မလာတော့ဘူး။ ဒီတော့ ကုန်မထမ်းရတော့ ပိုက်ဆံမရဘူးပေါ့ ဟု အလုပ်သမား လူမှုဖူလုံရေးဝန်းကြီးဌာန မန္တလေးဌာနခွဲ လုပ်သားစောင့်ရှောက်ရေးမှုး ဦးသိန်းထွန်းက ပြောသည်။
 
 ထိုမန္တလေးဌာနခွဲ၌ ကုန်ထမ်းအလုပ်သမားအင်အား (၆၁)ဦးရှိပြီး ထိုဆိပ်ခံဗောတံတားများ၌ ကုန်တင်ကုန်ချပြုလုပ်မည့် သင်္ဘောများသာ ကပ်စေလိုကြောင်း ၄င်းတို့ကဆိုသည်။
 
 “သူတို့က အခွန်အခတွေ စိတ်ကြိုက်ယူပြီးတော့ လုပ်ချင်သလိုလုပ်နေကြတယ်။ လုပ်သား(၆၁) ယောက်တင် မဟုတ်ဘူး၊ သူတို့နောက်ကမှီခိုနေတဲ့ မိသားစုတွေပါဒုက္ခရောက်မှာပါ။ တချို့ဆို လုပ်သက်နှစ်ပေါင်း ၂၀ ကျော် ၃၀ ရှိပြီ။ ဒ်ီနေရာမှာ ကုန်တင်ကုန်ချ ပြုလုပ်မဲ့ သင်္ဘောတွေပဲ ပေးကပ်စေလိုပါတယ် ဟု လုပ်သားစု/မှုး ဦးမြအေးမှပြောသည်။

၎င်းအပြင် ဗိုလ်တထောင်ဆိပ်ကမ်းတွင် ရပ်နား၍ ကုန်တင်ကုန်ချပြုလုပ်သော ဈေးသင်္ဘောအား ဖျက်သိမ်းမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ဈေးသူဈေးသားများသာမက ကုန်ထမ်းအလုပ်သမားများ၏ စားဝတ်နေရေး ထိခိုက်နိုင်ကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သတ်၍ မြန်မာ ဆိပ်ကမ်းအာဏာပိုင်နှင့် ရေယာဉ်အစည်းရုံးဥက္ကဌဆီသို့ အကြောင်းကြားထားကြောင်းကိုလည်း လုပ်သားတို့ကဆိုသည်။
 
 
ဒီဈေးသင်္ဘောလေးရှိနေလို့လည်း တစ်ရက် ၁၅၀၀ လောက်ရတာ။ ဒီဈေးသင်္ဘောနဲ့ တခြား ကုန် သင်္ဘောတွေလာ ရအောင် မြန်မာဆိပ်ကမ်းအာဏာပိုင်နဲ့ ရေယာဉ်အစည်းအရုံးဥက္ကဌဆီ ကိုယ်တိုင် အကြောင်းကြားထားပါတယ်။ အရာရှိတွေကို တင်ပြတယ် အခုအချိန်ထိ ဘာမှအကောင်အထည် မပေါ် သေးဘူး။ ဒီတိုင်းဆို ဦးတို့ထမင်းငတ်ပြီ၊ သမ္မကြီးပြောတဲ့စကားရှိ တယ် အောက်ခြေဌာနဆိုင်ရာလေးတွေနဲ့ မညှိနှိုင်းပဲ အကြီးအကဲတွေ လုပ်ချင်တာ လုပ်တယ်ဆိုတဲ့ စကားနဲ့ ကိုက်ညီ နေတယ် ဟု ဦးသိန်းထွန်း မှဆက်ပြောသည်။
 
 
ဆိပ်ခံတံတား ၈ စင်းအနက် တံတား အမှတ်(၅) တစ်စင်းသာ သုံး၍ရကြောင်း ကျန်တံတားများမှာ နာဂစ်ကြောင့် ပျက်စီးသွားသည့် တံတားများလည်းရှိသလို၊ သောင်ထွန်း၍ ကပ်မရသည့် တံတားများ လည်းရှိပြီး  ကုမ္ပဏီများအား ငှားပေးထားသည့် တံတားများလည်းရှိနေသည့်အတွက် ယခုကဲ့ ဒုက္ခတွေ့ နေရခြင်းဖြစ်ကြောင်း ကုန်တင်လုပ်သားတို့က ဆိုသည်။
 

SHARE THIS
Previous Post
Next Post