လွတ်လပ်သောပညာရေး မူဝါဒအသစ်ဖော်ဆောင်ရန်ကြိုးပမ်းနေ


ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 23 Jan, 2013



 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုကြောင့် လူမှုရေး အဖွဲ့အစည်းများမှ  အကြံဥာဏ်များ ရယူကာ လွတ်လပ်သည့် ပညာရေးမူဝါဒ ဖြစ်ပေါ်လာစေရန် ယခုနှစ်အတွင်း ပညာရေးမူဝါဒအသစ် ရေးဆွဲသွားမည်ဖြစ်ကြောင်း ပညာရေးကွန်ယက်မှ သိရသည်။
 
အဆိုပါမူဝါဒအား  ပြည်သူ့လွှတ်တော်သို့တင်သွင်းမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
ပြည်သူများလိုလားသည့် ပညာရေးမူဝါဒတစ်ရပ် ဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်၍ မူလတန်းမှ တက္ကသိုလ်အထိ အစိုးရကျောင်းများ အပါအ၀င် ဘုန်းတော်ကြီးသင်ကျောင်းများ ၊ ပုဂ္ဂလိက ကျောင်းများ ၊ တိုင်းရင်းသားများ ဘာသာစကားကျောင်းလည်း မူဝါဒ အသစ်ရေးဆွဲရာတွင် ပါဝင်မည်ဖြစ်သည်။
 
 “ကျောင်းသားလက်ခံတာတို့ ဆရာခန့်တာတို့ အာဏာရှိတဲ့လူက ချုပ်ကိုင်တာမဟုတ်ဘဲ ကျောင်း တွေ တက္ကသိုလ်တွေကနေ ကိုယ်တိုင် စီမံအုပ်ချုပ်နိုင်တဲ့ ကျောင်းဖြစ်ရမယ်။ သုတေသနတွေ့ရှိချက် တွေကိုလည်း လွတ်လွတ်လပ်လပ် ဖော်ထုတ်နိုင်ရမယ် “ ဟု ပညာရေးကွန်ယက်မှ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာသိန်းလွင်က ပြောသည်။
 
အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပညာရေးမူဝါဒသစ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ရာတွင် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ၊ ကလေး ငယ်သည် ၀မ်းတွင်းမှစ၍ မွေးပြီး မူကြိုတက်သည်အထိ ကျောင်းတက်လွယ်ကူစေရေး စသည့်အချက် များကိုလည်း ထည့်သွင်း စဉ်းစားရန် လမ်းညွှန်ပေးထားကြောင်း ၄င်းက ဆက်ပြောသည်။
 
ပညာရေးကဏ္ဍအားလုံးပါဖို့ ၊ မူကြိုကလေး ၊ ကလေးရဲ့မိခင်ဗိုက်ထဲကရှိတဲ့အချိန်ကနေ ကျောင်းတက်တဲ့အချိန်အထိပေါ့ ကလေးတွေရဲ့ မူကြိုပညာရေး ၊ အသက်မွေးဝမ်းကျောင်းပညာတွေ ကို ဦးစားပေးဖို့ ၊ ပညာရေးကဏ္ဍမှ အထူးလိုအပ်ချက်ရှိသူတွေ အထူးလိုအပ်ချက်ရှိတဲ့ ကလေးတွေ အတွက် ထည့်သွင်းစဉ်းစားဖို့ ပြောပါတယ်။ “ ဟု ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အား ပညာရေးကွန်ယက်မှ ဒေါက်တာသိန်းလွင်မှ ပြန်ပြောပြသည်။
 
ပညာရေးကွန်ယက်အနေဖြင့် လွတ်လပ်သည့်ပညာရေးမူဝါဒ ရေးဆွဲပြီးပါက ဥပဒေနှင့်အညီသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကိုလည်း ၄င်းက သုံးသပ်ပြောဆိုသည်။
 
အခြေခံပညာသင်ကျောင်း ၊ အလယ်တန်း နှင့် အထက်တန်း ၊ တက္ကသိုလ်ကျောင်းများ၌ ပညာသင်ကြားရာတွင် ချမ်းသာသူများ ၏ ကျောင်းသား၊ ကျောင်းသူများကိုသာလျှင် အလေးပေး ဂရုစိုက်ခံရမှုများရှိခြင်း ၊ အလှူငွေ ကောက်ခံရာတွင်လည်း ဖိအားပေးကောက်ခံမှုများရှိခြင်းနှင့် ကျောင်းအုပ်နှင့်ကျောင်းသားများအကြား နားလည်မှုလွဲမှားသည့်အဖြစ်များလည်း ရှိနေကြောင်း ကျောင်းသားမိဘအချို့ထံမှ သိရှိရသည်။
 
 “ကျွန်မကနေ ကလေးကို ဂိမ်းဆော့လို့ ရိုက်လိုက်တာ အိမ်ကထွက်ပြေးသွားတဲ့ကလေးကို ကျောင်းက ဆရာတွေက နှစ်သိမ့်မှု မပေးတဲ့အပြင် ကျောင်းမတက်ခိုင်းတော့ဘဲ တခြား ကလေးတွေဆီက စာပြန်ကူးဖို့ပဲ လုပ်ပါဆိုပြီးပြောတယ် ။ ဒါက ကျောင်းမှာ ကလေး အချင်းချင်းရန်ဖြစ်တာမျိုးလည်း မဟုတ်ဘူး ၊ ဆရာ၊ ဆရာမကို ရိုင်းပြပြီး ဆက်ဆံတာမျိုးလဲမဟုတ်ဘဲ အခုလို ကလေးကို ကျောင်းတက်ခွင့်မပေးတဲ့စနစ်က ဘယ်လိုကြီးလဲ အကုန်ပြောင်းလဲဖို့ လိုအပ်နေပြီ “ ဟု ကြည့်မြင်တိုင်မြို့နယ် အထက(၃)၌ န၀မတန်းပညာသင်ယူနေသည့် ကလေးငယ်အား ကျောင်းတက်ခွင့် မပြုသည့်အပေါ်တွင် အဆိုပါ   ကျောင်းသားမိဘတစ်ဦးက ပြောသည်။
 
ပညာရေးမူဝါဒ ရေးဆွဲရာတွင် ဥပဒေပညာရှင်များနှင့်ပါ တိုင်ပင်ရေးဆွဲမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ခုနှစ် ဇွန်လနှင့် ဇူလိုင်လများတွင် ပညာရေးဝန်ကြီးများနှင့် တွေ့ဆုံ၍ အကြံဥာဏ်များ ရယူသွားမည် ဖြစ်ကြောင်းကိုလည်း ဒီချုပ်ပညာရေးကွန်ယက်မှ သိရသည်။
 
ပညာရေးကွန်ယက်အနေဖြင့် တိုင်းနှင့်ပြည်နယ်များ၌ ပညာရေးညီလာခံများ ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၃ခုနှစ် မကုန်ခင် ပြည်သူ့လွှတ်တော်သို့ တင်ပြနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။
 

SHARE THIS
Previous Post
Next Post