ပလတ်စတစ်အိတ်များ အရောင်ပြောင်းလဲထုတ်လုပ်ခွင့်မပြု



ယမင်း(မြစ်မခ)
by Myit Makha Mediagroup on 2 Jan, 2013

 ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ ပလတ်စတစ် စက်ရုံများတွင် အိတ်အစိမ်းနှင့်အပြာရောင်အိတ်များကိုသာ ထုတ်လုပ်ရန် သတ်မှတ်ထားပြီးအခြား အရောင်များဖြင့် ပြောင်းလဲ ထုတ်လုပ်ပါက စည်ပင်သာယာ ဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
 
 
"စက်ရုံလုပ်ငန်းရှင်တွေကို အိတ်တွေ ပြောင်းလဲထုတ်လုပ်ဖို့ ခေါ်ပြီး ပြောထားတယ်။ အခု ဒုတိယအကြိမ်အဖြစ် ထပ်မေတ္တာရပ်ခံမယ်။ ဒါမှ လိုက်နာမှုမရှိဘူးဆိုရင် စည်ပင် ဥပဒေ အရအရေးယူသွားမယ်"ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန)မှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောသည်။
 
 ရန်ကုန်တိုင်းဒေသကြီးတွင်း ပလတ်စတစ်ထုတ်လုပ်သော စက်ရုံပေါင်း (၁၂)ရုံရှိပြီး သတ်မှတ်သည့်အတိုင်း ထုတ်လုပ်သောစက်ရုံမှာ အနည်းငယ်သာရှိကြောင်း ၄င်းက ဆက်ပြောသည်။
 
 
၂၀၁၂ခုနှစ် စက်တင်ဘာလကုန်ပိုင်းက လူသုံးပစ္စည်းများ ထည့်သွင်း အသုံးပြုသော ၁၂×၂၀ လက်မ အရွယ်အစားအထက် ပလပ်စတစ်အိတ်များကို အမှိုက်စို/အမှိုက်အခြောက်ထည့် အိတ်အရောင် အစိမ်းနှင့် အပြာအရောင်များကိုသာ   ပြောင်းလဲ ထုတ်လုပ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပလတ်စတစ်စက်ရုံလုပ်ငန်းရှင်များအား ခေါ်ယူ သတိပေးခဲ့ကြောင်း သိရှိရသည်။
 
ထိုကဲ့သို့ လူသုံးကုန်ပစ္စည်းထည့်အိတ်များကို  အစိမ်းနှင့်အပြာရောင်အိတ်များအဖြစ် ပြောင်းလဲထုတ်ခိုင်း ရခြင်းမှာ စွန့်ပစ်လိုက် သော အမှိုက် အိတ်အစိမ်းနှင့် အပြာများကို ဆေးကြောသန့်စင်ကာ စက်ရုံများ သို့ပေးပို့၍ Recycle အိတ်များအဖြစ် ပြန်လည်ထုတ်လုပ် ကာ ဈေးနူန်းသက်သာစွာဖြင့် ပြည်သူများ ၀ယ်ယူအသုံးပြုနိုင်ရန် ရည်ရွယ်သည့်အတွက်ကြောင့် ဖြစ်ကြောင်းကိုလည်း သိရသည်။
 
 
ရန်ကုန်တိုင်းဒေသကြီးတွင်း အမှိုက်စို/အမှိုက်ခြောက်ခွဲခြား စွန့်ပစ်သည့် စနစ်ကို  ၂၀၁၂ ခုနှစ် ဧပြီလ(၁)ရက်နေ့မှ စတင်ခဲ့ပြီး အောင်မြင်မှု (၇၀%)ခန့် ရှိခဲ့ကြောင်းကိုလည်း သိရသည်။
 
အမှိုက်စိုများ စွန့်ပစ်ရန်အတွက် အိတ်အရောင် အပြာသတ်မှတ်ထားပြီး အမှိုက်ခြောက် စွန့်ပစ်မှုအတွက် အစိမ်းရောင် သတ်မှတ်ထားကြောင်း သိရှိရသည်။
 
 
အဆိုပါ အိတ်များကို ဆိုဒ် အကြီး အသေး အရွယ်အမျိုးအစားပေါ်မူ တည်၍ ဈေးနှုန်းသတ်မှတ်ထားပြီး အိတ်ကြီး တစ်အိတ်လျှင် (၅၅)ကျပ်နှင့် အိတ်သေး တစ်အိတ်လျှင် (၁၅)ကျပ် သတ်မှတ်ထားကြောင်း သိရှိရသည်။

SHARE THIS
Previous Post
Next Post