စစ်ကိုင်းတွင် သစ်ကားမှောက်သည့်အတွက် ၅ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

မင်းလွင် - ၀၂ ဇန်န၀ါရီ ၂၀၁၃

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ သစ်ကားမှေက်တဲ့အတွက် ဒေသခံရွာသား ၅ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရှိသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ပုလဲမြို့နယ် မယင်းရွာအနီးက အိုင်လည်ကြီးတောင်ပေါ်မှာ သစ်တင်ပြီး အပြန် သစ်ကားမှောက်တာလို့ ဆိုပါတယ်။

သစ်ကားမှောက်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရ စာရင်းတွေနဲ့ ပတ်သက်လို့ ဒေသခံရွာသားတွေရဲ့ ပြောဆိုချက်နဲ့ ပုလဲမြို့နယ်အုပ်ချုပ်ရေးမှူး ပြောဆိုချက်တွေဟာ တူညီပေမယ့် ဘာကြောင့် သေဆုံးရတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ ကွဲလွဲချက်တွေ ဖြစ်နေပါတယ်။

ပုလဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းအောင်က သစ်တောဌာန သစ်တင်ကားကို ရွာသားတွေက ကားကြုံလိုက်ရင်း မှောက်တယ်လို့ ပြောပါတယ်။

“သစ်ကတော့ တိုက်နေတာ။ လူငှားတွေနဲ့ ရွာထဲက ငှားပြီး တင်နေတာ။ ခါတိုင်း တင်တာတော့ တယောက်ကို ၅ ထောင်၊ ၁ သောင်းပေးတယ်။ ဒီကနေ့အသွားမှာ ၁၄ ယောက်၊ အိုင်လည်ကြီးကျတော့ တီးတိန်မြို့သားတယောက်တွေ့တော့ တင်လာတာမှာ ၁၅ ယောက်ဖြစ်သွားတယ်။”

ဒါပေမယ့် ရွာသားတွေကတော့ သစ်တောဦးစီးဌာနကနေ ဖမ်းဆီးထားတဲ့ သစ်တွေကို ကားပေါ်တင်ဖို့အတွက် မယင်းကျေးရွာက ဒေသခံတွေကို ခိုင်းရာမှာ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

သူတို့ရွာသားတွေကို သစ်တောဌာန တောအုပ် ဦးထွန်းမောင်ရှိန်က ခေါ်ခိုင်းတဲ့အတွက် လိုက်ပါတာဖြစ်ကြောင်း ကားမှောက်ရာမှာ လွတ်မြောက်ခဲ့တဲ့ ဒေသခံရွာသားတဦးက ပြောပါတယ်။

“သစ်တောက သူတို့ ဖမ်းဆီး၊ သိမ်းထားတဲ့ သစ်တွေကို တောထဲကနေ မြို့သယ်တာ။ ရွာသားတွေက ကားကြုံရှိတယ်ဆိုပြီး လိုက်ကြတာ။ ရွာနဲ့ ၁ မိုင်ခွဲ၊ ၂ မိုင်အကွာမှာ ကားက ဘရိတ်ပေါက်ပြီး တိမ်းမှောက်တာမှာ ၅ ဦးသေတယ်၊ ၁၂ ဦး ဒဏ်ရာရတယ်။”

ဒဏ်ရာရသူ ၁၂ ဦးကို ပုလဲမြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့ ၃ ဦးကို မုံရွာခရိုင် ပြည်သူ့ဆေးရုံကြီးကို ထပ်မံ ပို့ဆောင်ပေးလိုက်တယ်လို့ ဒဏ်ရာရှိသူတွေရဲ့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။
မယင်းရွာသား ကိုအောင်နိုင်ဝင်းနဲ့ ကိုစံတိုးကတော့ သစ်လုံးပိတဲ့အတွက် ဒဏ်ရာ ပြင်းထန်စွာ ခံစားနေရတယ်လို့ သိရပါတယ်။ ပုလဲမြို့နယ် သစ်တောဦးစီးဌာနက ဒဏ်ရာရသူတွေကို တာဝန်ယူဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
From : DVB

SHARE THIS
Previous Post
Next Post