ဆီးဂိမ်းအမီ အ၀ယ်လိုက်လာသည့် မန်းအိမ်ခြံမြေဈေးကွက်


မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 4 Jan, 2013



 မန္တလေးမြို့ရှိ လူစည်ကားရာ လမ်းများပေါ်ရှိ အိမ်ခြံမြေဈေးကွက်မှာ (SeaGame)အမီ အ၀ယ်လိုက်နေ သောကြောင့် အိမ်ခြံမြေဈေးနှုန်းများမှာ လှုပ်ခတ်လျှက်ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။
 
၂၀၁၂ခုနှစ်အတွင်း၌ မန္တလေးမြို့ရှိအိမ်ခြံမြေအရောင်းအ၀ယ်များ သိသိသာအရောင်းဝယ်အေးခဲ့သော်လည်း ၂၀၁၂ နိုဝင်ဘာလမှစ၍ အိမ်ခြံမြေအရောင်းအ၀ယ်များသွက်လာကြောင်း ၂၀၁၃တွင်လည်း ယခုထက်ပို၍ အရောင်းသွက်လာနိုင်သော်လည်း (SeaGame)ပြိုင်ပွဲပြီးလျှင် ဈေးနှုန်းအလှည့်အပြောင်းရှိလာနိုင်ကြောင်း ၀ါရင့်ပွဲစားများက ခန့်မှန်းကြသည်။

အဓိက၀ယ်လက်များမှာ(SeaGame)အမီ ကုမ္ပဏီများဖွင့်ရန်ဖြစ်ကြောင်း ရန်ကုန်မြို့မှဝယ်လက်များဆင်းလာကြပြီးဝယ်ရောင်း များလည်း အ၀ယ်လိုက်လာကြောင်း ၀ါရင့်အိမ်ခြံမြေပွဲစားတစ်ဦးက ဆိုသည်။
 
 “မန္တလေးက ၀ယ်ရောင်းအများစုက လာမယ့်အရှေ့တောင်အာရှ(SeaGame)ပြိုင်ပွဲကာလမှာ အိမ်ခြံမြေ အ၀ယ် လိုက်လာမယ်လို့ ခန့်မှန်းပြီးဝယ်ကြတာ။ နေရာကောင်းတွေကို အဓိကထားဝယ်နေကြတယ်။ ပိုင်ဆိုင်မှု ခိုင်မာ လေလေ ရရှိထားတဲ့နေရာတွေ တဖြည်းဖြည်းဈေးပိုကောင်းလာလေလေပဲ”ဟု အိမ်ခြံမြေပွဲစား ကိုညီထွန်းက ပြောသည်။
 
လူစည်ကားရာ နေရာများဖြစ်သည့် (၆၂)လမ်းမှ (၈၄)လမ်းအကြား အိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ် သွက်နေပြီးသိန်းထောင် ဂဏန်းနှင့်အထက်ဖြင့် အရောင်းအ၀ယ်ဖြစ်ပေါ်နေကြောင်း သိရသည်။
 
 “မြို့ထဲအရောင်းအ၀ယ်ကောင်းနေပေမယ့် မြို့သစ်အိမ်ခြံမြေဈေးကွက်မှာတော့ ပါးနေတယ်။ မြို့သစ်က ဧကအကွက်တွေက ရာဂဏန်းကနေ ထောင်ဂဏန်းအထိရှိတယ်။ ဧကအကွက်တွေကို စက်ရုံဆောက် မယ့်သူတွေလောက်ပဲ လိုက်စုံစမ်းပြီးမှ ၀ယ်ကြတယ်။”ဟု ၀ယ်ရောင်းတစ်ဦးဖြစ်သူ ကိုသီဟက ပြောသည်။
 
 

SHARE THIS
Previous Post
Next Post