အများပြည်သူ လက်ရှိရင်ဆိုင်နေရသော ယာဉ်ကျပ်တည်းမှုကို ဖြေရှင်းရန် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်း

Sunday, 13 January 2013 11:57 ရန်ကုန်မြို့တွင်း အများပြည်သူများ လက်ရှိရင်ဆိုင် နေရသော ယာဉ်ကျပ်တည်းမှုနှင့် အခြား ပြဿနာများကို ဖြေရှင်းနိုင်ရန် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အစည်း ( City Public Transport Authority ) ကို ဇန်န၀ါရီ ၇ ရက်က စတင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းအဖွဲ့အစည်း အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အများပြည်သူ နေ့စဉ် သွားလာရာတွင် အသုံးပြုလျက် ရှိသော ကုန်းလမ်း၊ ရထား၊ ရေယာဉ်နှင့် အခြားပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် စီမံခန့်ခွဲခြင်း၊ လက်ရှိ ရင်ဆိုင်နေရသော ယာဉ်ကျပ်တည်းမူ၊ ယာဉ်တိုက်ခိုက်မှု၊ ကျန်းမာရေး ထိခိုက်စေသော အငွေ့အသက်များ ထုတ်လုပ်မှု စသော သွားလာရေး အခက်အခဲနှင့် အန္တရာယ်များကို ဖြေရှင်းရေး အတွက် ကွင်းဆင်းလေ့လာ၍ နည်းလမ်းများ ရှာဖွေတင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများထံမှ မိမိတို့ လုပ်ငန်းတာဝန်နှင့် ပတ်သက်သော နည်းပညာ အကူအညီများ ရယူခြင်းတို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ထို့ပြင် သွားလာ ပို့ဆောင်ရေးနှင့် သက်ဆိုင်သော ဥပဒေ လုပ်ထုံး လုပ်နည်းများကို လိုက်နာစေလျက် တရားဥပဒေ စိုးမိုးရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အား အထောက်အကူပေးခြင်း၊ လာမည့်ကာလတွင် ဖြစ်ပေါ်မည့် လူမှုစီးပွားရေး ပုံစံ၊ မြို့ပြဖွံ့ဖြိုးမှု ပုံစံများကို မျှော်မှန်း၍ စီမံချက် ရေးဆွဲခြင်း၊ သွားလာပို့ဆောင်ရေး ဆိုင်ရာ အခြေခံ အဆောက်အအုံများ တည်ဆောက်ပေးခြင်း၊ သွားလာရေး ပို့ဆောင်ရေး အတွက် လိုအပ်ချက်များကို ထူထောင်နိုင်ရန်အတွက် ဥပဒေများ စီမံခန့်ခွဲမှု အဖွဲ့အစည်းများ၊ ရန်ပုံငွေများ ရရှိမည့် နည်းလမ်းများဖြင့် ထူထောင်ပေးခြင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကို တာဝန်ခံလျက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဆက်စပ်ညှိနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။ မှ Eleven Media Group

SHARE THIS
Previous Post
Next Post