သတင်းစာအဖြစ် မြင်တွေ့ရတော့မည့် ဒီလှိုင်း



ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 2 Jan, 2013


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပတ်စဉ်ထုတ်ဝေနေသည့် ပါတီအတွင်းလှုပ်ရှားမှုများပါဝင်သော ဒီလှိုင်းစာစောင်ကို ဒီလှိုင်းသတင်းစာအဖြစ် ပြောင်းလဲထုတ်ဝေရန် အစီအစဉ်ရှိသည်ဟု အန်အယ်လ်ဒီ အဖွဲ့ချုပ်မှ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
 
ဒီလှိုင်းသတင်းစာအဖြစ်ထုတ်ဝေခြင်းကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ခံသဘောတူပြီး ဖြစ်ကြောင်းနှင့် သတင်းစာအဖြစ်ပြောင်းလဲရခြင်းမှာ စာစောင်အဖြစ်ထုတ်ဝေရာ၌ ကန့်သတ်ချက်များ ရှိနေခြင်းကြောင့်ဖြစ်သည်ဟု ဒီလှိုင်းစာစောင်အကြံပေး ဦးဝင်းတင်က ဆိုသည်။
 
ဒီလှိုင်းစာစောင်ထုတ်တော့ ကြုံလာရတာတွေက သရုပ်ပြကာတွန်းပုံတွေ မထည့်ရဘူးတဲ့ နိုင်ငံတကာ သတင်းလည်း   ရေးခွင့်မပြုဘူးဆိုပြီး ကန့်သတ်ထားတယ် အဲ့ဒါတွေကြောင့် နေ့စဉ်ထုတ် သတင်းစာဆိုရင် ပါတီလှုပ်ရှားမှုတွေရော   နိုင်ငံတကာသတင်းတွေရော အားလုံးပေါ့ ပြည်သူတွေ အတွက် ကျယ်ကျယ်ပြန့်ပြန့်ရေးသားနိုင်မယ်လို့ မျှော်လင့်လို့ ဒီလှိုင်းသတင်းစာ လုပ်မှာပါ ဟု ဦးဝင်းတင်က ပြောသည်။
 
အန်အယ်လ်ဒီမှ ထုတ်ဝေသည့် ဒီလှိုင်းအမည်သည် ဒီမိုကရေစီလှိုင်းလုံးများ တစ်လှိမ့်လှိမ့် လာနေပြီဆိုသည့် အဓိပ္ပာယ်နှင့် အမည်မှည့်ထားခြင်းကြောင့် နေ့စဉ်ထုတ်သတင်းစာ၌ ပြည်သူများအတွက် သတင်းများရေးသားထည့်သွင်းခြင်း   ပြုလုပ်မည်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
 
ဒီမိုကရေစီလှိုင်းလုံးကြီး တစ်လှိမ့်လှိမ့်လာပြီဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီလှိုင်စာစောင်အဖြစ်မှည့်ထားပေမဲ့ ရေးသားချင်တာတွေ မရပဲ ကန့်သတ်ထားခံရတာကြောင့် နေ့စဉ်ထုတ်သတင်းစာအဖြစ်ထုတ်ဖို့ စီစဉ်ဖြစ်တာပါ။ အစိုးရကထုတ်တဲ့ သတင်းစာဆိုရင် အစိုးရအာဘော်ပဲရှိတယ်။ မှန်တာဆိုလို့ သတင်းစာ နောက်ဆုံးကနာရေးပဲရှိတယ်။ သေတာကိုတော့ လိမ်ပြောလို့မရဘူးဆိုပြီး   ပြည်သူ တွေကြား ပြောသံတွေကြားခဲ့ရတယ်။ သတင်းစာထုတ်ခွင့်ပြုမယ်ဆိုရင်တော့ ရေးသားလာကုန်ကြ တော့မှာ ဟု ဦးဝင်းတင်က ပြောဆက်သည်။
 
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေရန် အစီအစဉ်မရှိ သော်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များ နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေခွင့်ရလာပါက ပြည်သူများ အတွက် သတင်းအမှန်ဖော်ပြပေးနိုင်တော့ မည် ဖြစ်ကြောင်း ဦးခင်မောင်ဆွေက သုံးသပ်ပြောကြား ခဲ့သည်။
 
အရင်က ထုတ်တဲ့သတင်းစာမှာ အစိုးရအာဘော်ရှိတယ်။ အခု ပုဂ္ဂလိကလုပ်ငန်းတွေမှာ လုပ်ပိုင်ခွင့်ရှိ လာတော့မယ်ဆိုရင် ကိုယ်မြင်ရာမြင်ရာ ရှု့ထောင့်ကနေ ထိန်ချန်မထားဘဲ ပြောဆိုခွင့်တွေ ရှိလာမယ်။ ကောင်းပါတယ် ဟု ဦးခင်မောင်ဆွေ က ပြောသည်။
 
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့်လည်း နေ့စဉ်ထုတ်သတင်းစာကိုထုတ်ဝေရန် အစီအစဉ်မရှိသေးကြောင်းနှင့် ဂျာနယ်ထုတ်ဝေရေးအတွက်သာ စီစဉ်ထားကြောင်း တ.စ.ည ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဥာဏ်က ဆိုသည်။
 
၂၀၁၂ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများမှ လာမည့် ၂၀၁၃ခုနှစ် ဧပြီလ ၁ရက်နေ့မှစ၍ နေ့စဉ် ထုတ်သတင်းစာထုတ်ဝေခွင့်အား ခွင့်ပြုပေးခဲ့ကြောင်း တရားဝင်ထုတ်ပြန် ထားသည်။
 
ဒီလှိုင်းစာစောင်သည် တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် အပတ်စဉ် ထုတ်ဝေလျက်ရှိရာ တစ်စောင်လျှင် (၃၀၀)နှုန်းဖြင့် ပြည်နယ်နှင့် တိုင်းများရှိ အန်အယ်လ်ဒီအဖွဲ့ချုပ်အဖွဲ့ဝင်များရှိရာသို့ ရောင်းချလျက်ရှိပြီး ဂျာနယ်ရောင်းချသောဆိုင်များသို့ လည်း ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
 
 
သတင်းစာအဖြစ်ပြောင်းထုတ်မယ်ဆိုရင်တော့ တော်ရုံသတင်းနဲ့ မရတော့ဘူး၊ ဒီချုပ်အယ်ဒီတာအဖွဲ့ အနေနဲ့ပိုကြိုးစားဖို့လိုမယ် ထင်တယ်၊ အခုတောင် မြို့နယ်အချို့နဲ့ နယ်တွေမှာ ဒီလှိုင်းစောင်ရေလျော့ ကျလာတယ်လို့ ကြားတယ်ဟု ကမာရွတ်မြို့နယ်နေ   ပြည်သူတစ်ဦးက လက်ရှိအခြေအနေအပေါ် သုံးသပ်သည်။ 


SHARE THIS
Previous Post
Next Post