ထိုးစစ်ဆင်မှုများရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ထားသော်လည်း လိုင်ဇာမြို့ ပတ်ဝန်းကျင် ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိ

မိုင်ဂျာယန် ၊ ဇန်န၀ါရီ ၂၂

ထိုးစစ်ဆင်မှုများရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ထားသော်လည်း ကချင်ပြည်နယ် လိုင်ဇာမြို့ ပတ်ဝန်းကျင် ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှ စတင်၍ ကချင်လွတ်မြောက်ရေးတပ်မတော်အား ထိုးစစ်ဆင်မှုကို ရပ်ဆိုင်းရန် ကြေညာချက်အမှတ် ( ၃ /၂၀၁၃)ဖြင့် ပြည်ထောင်စုအဆင့် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သော်လည်း ထိုနေ့မှ စတင်၍ ကချင်ပြည်နယ် လိုင်ဇာမြို့ ၀န်းကျင် အနီးတိုက်ပွဲများ ပိုမိုပြင်းထန်လာကြောင်း ဒေသခံအချို့ကပြောသည်။
““ အဲဒီနောက်ပိုင်း တိုက်ပွဲတွေ အပြင်းအထန်ပိုဖြစ်လာတယ်။ ဂျန်ပိုင်၊ လိုင်ဇာဘက်တွေမှာ ပိုဖြစ်တယ်။ ”” ဟု မိုင်ဂျာယန်မြို့အတွင်း စစ်ရှောင်ကယ်ဆယ်ရေးစခန်းမှာ ဖွင့်လှစ်ကူညီပေးလျက်ရှိသူ ဒေါ်မေရီသောင်က ပြောသည်။
ထို့အတူ ဇန်န၀ါရီလ ၁၉ ၊ ၂၀ ရက်များတွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် မြန်မာ့တပ်မတော်စစ်သားအချို့ကျဆုံးခဲ့သည်ကို ကိုယ်တိုင် သယ်ယူပို့ဆောင်မှု ဆောင်ရွက်ပေးခဲ့ရကြောင်း ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ချုပ် ကျော်ဇော၏ သားဖြစ်သူ ရွှေလီမြို့ခံ ဦးအောင်ကျော်ဇောက ပြောသည်။
ထိုးစစ်ဆင်မှုများရပ်ဆိုင်းရန် ကြေညာချက်ထုတ်ပြန်ခဲ့သည့်နည်းတူ ဇန်န၀ါရီလ ၁၁ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ကချင်ပြည်နယ်တွင်းဖြစ်ပွားနေသော စစ်ပွဲများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာရှိရန် ဆွေးနွေးမှုတည်ဆောက်ပြီး စစ်ရေးအရှိန်တင်းမာနေမှုများကို လျော့ချပြီး ထာဝရငြိမ်းချမ်းရေးလမ်းကြောင်းကို တည်ဆောက်ရန် တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းချက်အဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ က ကချင်လွတ်မြောက်ရေးတပ်မတော်သို့ ကမ်းလှမ်းစာကို ဥက္ကဋ္ဌ ဦးဇောင်းဟရားထံ ဇန်န၀ါရီလ ၁၉ ရက်ကပေးပို့ခဲ့ကြောင်းသိရသည်။
““ ထိုးစစ်မဆင်တော့ဘူးပြောပေမယ့် လက်နက်ကြီးသံတွေက တောက်လျောက်ကြားနေရတုန်းပဲ၊ မကြားရတဲ့နေ့မရှိဘူး။”” ဟု ဗန်းမော်ခရိုင်အတွင်းရှိ စစ်ရှောင်စခန်း ၆ ခုအား ထောက်ပံ့ကူညီမှုပေးနေသော IRRC အဖွဲ့ ဥက္ကဋ္ဌ ဦးဆိုင်းလီကပြောသည်။
ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးဆွေးနွေးမှု ၃ ကြိမ် လုပ်ခဲ့သော်လည်း ယခုထိ အောင်မြင်မှုမရရှိသေးကြောင်း၊ ၂၀၁၁ ခုနှစ် ဇွန်လ မှ စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဥာဏ်လင်းအောင်

ဓါတ်ပုံ- လက်နက်ကြီးပစ်ခတ်သံများကြားပြီးနောက် တွေ့မြင်ရသော မီးခိုးလုံးမျာ

မှ Popular Myanmar News Journal

ထိုးစစ်ဆင်မှုများရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ထားသော်လည်း
လိုင်ဇာမြို့ ပတ်ဝန်းကျင် ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိ

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post