အငှားယာဉ်မောင်းတွေကြောင့် နိုင်ငံဂုဏ်တက်စေဖို့

ရေးသားသူ- သတင်းအဖွဲ့ ၂၀၁၃ နှင့် ၂၀၁၄ တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ၏ အကြီးကျယ်ဆုံး အားကစားပွဲဖြစ်သော ဆီးဂိမ်းပြိုင်ပွဲနှင့် အာဆီယံနိုင်ငံများအတွက် အရေးပါသည့်အလှည့်ကျ ဥက္ကဋ္ဌ ရာထူးများတို့ကို အမှီပြုပြီး ကမ္ဘာလှည့်ခရီးသွားသုံးသန်းခန့် ပြည်တွင်းသို့ ၀င်ရောက်လာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။ ထို့အပြင် အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံကို စိတ်ဝင်စားနေသော ကမ္ဘာလှည့်ခရီးသွားများလည်း ပိုမိုလာရောက်နေကြသည်။ နိုင်ငံစုံမှလာရောက်မည့် ခရီးသွားများအသုံးပြုရန် အငှားယာဉ်တက္ကစီများကို စနစ်တကျ ရှိအောင် မည်ကဲ့သို့ ပြင်ဆင်ဆောင်ရွက်ထားသနည်းဟု အငှားယာဉ်မောင်းများ၊ အငှားယာဉ်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအစိုးရဌာနများသို့ 7Day News က မေးမြန်းရာ “ဘာအစီအစဉ်မှမရှိသေး” ဟု ၎င်းတို့က တညီတညွတ်တည်းဖြေကြသည်။ ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်နေခဲ့သည့် မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး ယင်း၏ရလဒ်အဖြစ် ပြီးခဲ့သည့် ၂၀၁၂ တစ်နှစ်အတွင်း စံချိန်တင်ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ခဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းသော မြန်မာ့ခရီးသွားလုပ်ငန်းအတွက် အခွင့်အလမ်းများရှိသလို စိန်ခေါ်မှုများလည်း ရှိနေဆဲဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် ခရီးသွားလုပ်ငန်းများကဆိုသည်။ ယင်းစိန်ခေါ်မှုများအနက် တစ်ခုမှာ စနစ်တကျမရှိသော တက္ကစီခေါ် အငှားယာဉ်စနစ်ပင် ဖြစ်သည်။ “ခရီးသွားလုပ်ငန်းမှာ တက္ကစီကလည်း အရေးကြီးတဲ့ဝန်ဆောင်မှုလုပ်ငန်းတစ်မျိုးပဲ” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအ ဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ သို့သော် ပြည်တွင်းရှိ တက္ကစီယာဉ်မောင်းအချို့ကတော့ အဆိုပါလုပ်ငန်းကို ၀န်ဆောင်မှုတစ်ခုဟု ယခုအချိန်အထိ ရှုမြင်မှုမရှိသေးသည့်သူများလည်းရှိသည်။ ကားမောင်းနေစဉ်အတွင်း အမျိုးသမီးခရီးသည်များကို ထိကပါးရိကပါး ပြောဆိုခြင်း၊ ထိုသို့မဟုတ်ပါက ညစ်ညမ်းဇာတ်လမ်းတွဲများကို ကားအတွင်းရှိ တီဗီများ၌ ဖွင့်ထားခြင်း၊ ကျော်တက်သွား သည့်ကားကို မကြားဝံ့မနာသာ စကားလုံးများ ပြောဆိုပြီး ဆဲရေးတိုင်းထွာခြင်း၊ ကားအတွင်း ခရီးသည်ကို စာနာမှုမရှိဘဲ ဆေးလိပ်သောက်ခြင်း၊ တွေ့ကရာနေရာ ကွမ်းထွေးခြင်း၊ ခရီးသည်ကိုခွင့်မတောင်းဘဲ လူကြုံတင်ခြင်း၊ ခရီးဆုံးအောင် မပို့လိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုတတ်ခြင်း စသည်ဖြင့် ၀န်ဆောင်မှုမဆန်သည့် အပြုအမူများ ပြုလုပ်သူများ ရှိနေသေး သည်။ မြို့တွင်းစီး ခရီးသည်တင်ယာဉ်များမှာပင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ အပြုအမူ ရိုင်းစိုင်းလျှင် တိုင်ကြားရန် ဌာန သတ်သတ်မှတ်မှတ် ရှိသော်လည်း အငှားယာဉ်နှင့်ပတ်သက်၍ ကန့်ကွက်ရန် သီးသန့်ဌာနမရှိပါ။ အငှားယာဉ်မောင်းအချို့ကြောင့် ခရီးသည်များမှာ ၀န်ဆောင်မှုရယူ၊ စားသုံးသောသူ၏ အခွင့်အရေး ပျောက်ဆုံးနေကြောင်း အငှားယာဉ် မကြာခဏစီးသူများက ပြောသည်။ “ တက္ကစီမှ မဟုတ်ဘူး။ ၀န်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်ဝန်ဆောင်မှုတွေလည်း သေချာဂရုစိုက်သင့်တယ်။ ပိုက်ဆံပိုတောင်းတာတို့၊ တစ်ခါစားပုံစံလုပ်တာတို့၊ ခရီးနီးနီးလေးကို ပတ်မောင်း တာတို့ ပိုက်ဆံပိုတောင်းတာတို့ က တိုင်းပြည်ရဲ့ပုံရိပ်ကို ထိခိုက်စေတယ်” ဟု မြန်မာနိုင်ငံ ဧည့်လမ်း ညွှန်များအသင်း အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးထွန်းမြတ်ကပြောသည်။ စနစ်တကျ လေ့ကျင့်သင်ကြားခြင်း မခံခဲ့ရသော တက္ကစီယာဉ်မောင်းများသည် လာမည့် လအနည်းငယ်အတွင်း ၎င်းတို့ ယာဉ်မောင်းဘ၀၏ ပထမဦးဆုံးသော အတွေ့အကြုံသစ်နှင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။ ယခုနှစ်ကုန်ပိုင်းတွင် အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော အားကစားပြိုင်ပွဲဖြစ်သည့် ဆီးဂိမ်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရ မည်ဖြစ်ပြီး လအနည်းငယ်အကြာ ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည် ဖြစ်သည်။ ယင်းတို့ကို အမှီပြုပြီး နိုင်ငံခြားသားခရီးသွားအရေအတွက်မှာ သုံးသန်းခန့်အထိ ၀င်ရောက်လာနိုင်သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ခန့်မှန်းထားသည်။ နိုင်ငံတကာတွင် ယင်းကဲ့သို့သော အားကစားပြိုင်ပွဲများ၊ ပွဲတော်များ ကျင်းပမည်ဆိုပါက ကြိုတင်ပြင်ဆင်မှုများထဲတွင် အငှားယာဉ်မောင်းများအတွက်လည်း ထည့်သွင်းစဉ်းစား လေ့ရှိပြီး ကြိုတင်သင်တန်းပေးခြင်းမျိုး ပြုလုပ်လေ့ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ယင်းသို့သော ပြင်ဆင်မှုမျိုး မရှိသေးပေ။ ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပမည့် ဆီးဂိမ်းပွဲတော်ကို မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်၊ ယဉ်ကျေးမှုမြို့တော်ဖြစ်သည့် မန္တလေး၊ စီးပွားရေးမြို့တော် ရန်ကုန်နှင့် ငွေဆောင်ကမ်းခြေတို့တွင် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲများတွင် ပရိသတ်များနှင့် အားကစားသမားများ အဆင် ပြေစေရန်အတွက် မော်တော်ယာဉ်စီးရေ ၁၀၀၀ ခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း အားကစား ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။ သို့သော်လည်း သီးသန့်သွားလာလိုသူများအတွက် အငှားယာဉ်များနှင့်ပတ်သက်၍ လုံလောက်သော ပြင်ဆင်မှုမျိုး မရှိသေးပေ။ နိုင်ငံတကာပြိုင်ပွဲတစ်ခု အောင်မြင်စွာ ကျင်းပနိုင်ရေးတွင် လာရောက်သည့် ဧည့်သည်များ အဆင်ပြေစွာ သွားလာနိုင်ရေးမှာ အရေးကြီးကြောင်း ဆီးဂိမ်းပြိုင်ပွဲများကို သွားရောက်သတင်းရယူခဲ့သည် ၀ါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)က ပြောသည်။ ပြိုင်ပွဲကာလအတွင်း ခရီးသွားများကိုဝန် ဆောင်မှုပေးနိုင်ရန်အတွက် ယာဉ်မောင်းများကို လေ့ကျင့်သင်ကြားပေးရုံသာမက ပွဲတော်နှင့်ပတ်သက်သည့် အချက်အလက်များနှင့် အားကစားအသုံးအနှုန်းများ၊ သမိုင်းကြောင်းများကို သင်ကြားပေးရန်လိုအပ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ လက်ရှိတွင်ပြိုင်ပွဲနှင့်ပတ်သက်၍ များစွာပြင်ဆင်ရဦးမည်ဖြစ်ကြောင်း ၄င်းကပြောသည်။ “စမ်းတ၀ါးဝါးနဲ့ ပြိုင်ပွဲပြီးမှ ရောက်သွားတာမျိုးမဖြစ်ဖို့ လိုတယ်။ ကားပေါ်မှာ ဆေးလိပ်သောက်ပြတာတို့  ကွမ်းထွေးတာ တို့ကအစ ပျောက်အောင် လေ့ကျင့်ပေးရမယ်” ဟု ၎င်းကဆို သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ တက္ကစီစနစ်သည်စုဖွဲ့ မှုနှင့် တာဝန်ခံမှုအားနည်းနေသေးပြီး တစ်ဦးချင်းစီ အလိုက်စိတ်ကြိုက် ပုံစံဖြင့် ၀န်ဆောင်မှုပေးသည့် စနစ်ဖြစ်သောကြောင့် ယာဉ်မောင်းများကိုစုစည်းပြီး သင်တန်းပေးရန်မှာ လက်တွေ့ အားဖြင့် ခက်ခဲသည့်ကိစ္စတစ်ခုဖြစ်ကြောင်း ယာဉ်မောင်းများနှင့် ယာဉ်မောင်းများ စုစည်းထားသည့် အဖွဲ့များက ဆိုသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှရရှိသော စာရင်းများအရ လက်ရှိအချိန်အထိ မှတ်ပုံတင်ထားသော City Taxi မှာ စီးရေ ၄၇၀၀၀ ကျော်ရှိပြီးယင်းတို့မှာ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ကုမ္ပဏီ(သို့မဟုတ်)အစုအဖွဲ့ဖြင့် လုပ်ကိုင်ခြင်း မဟုတ်ဘဲ သီးခြားစီ ကိုယ့်အစီအစဉ်ဖြင့် လည်ပတ်နေခြင်းဖြစ်သည်။ “ကျွန်တော်တို့ ကားပေါ်ကို စထိုင်လိုက်ပြီးဆိုကတည်းက ညနေကျရင် ပေးရမယ့် အုံနာခရယ်၊ မိသားစုအတွက်အိမ်စရိတ်ရယ် ဒါပဲတွေးနေရတယ်” ဟု အောင်မင်္ဂလာအဝေးပြေးမှာ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။ အငှားယာဉ်မောင်းများလာပြီး စီးပွားရေးကြောင့် ကားငှားစီးသူ နည်းချိန်၊ ယာဉ်ကြောကျပ်တည်း၍ နေ့စဉ်တွက်ခြေကိုက်ရန် ၎င်းတို့အတွက်လည်း ဖိစီးမှုများးစွာ ရှိနေပါသည် ။ ထို့အပြင် ဒုစရိုက်မှု ကျူးလွန်သူများက အငှားယာဉ်မောင်းများကို ပစ်မှတ်ထား၍ ပြစ်မှုကျူးလွန်သည် မျိုးရှိတတ်၍ ၎င်းတို့အတွက်လည်း အခက်အခဲများစွာရှိသည်။ ယင်းယာဉ်မောင်းများကို စုစည်းပြီး သင်တန်းပေးရန်ဆိုသည်မှာ အစိုးရကဲ့သို့သော အဖွဲ့အစည်းမျိုးက ဦးမဆောင်ပါက အောင်မြင်ရန်မှာ ခဲယဉ်းကြောင်း ယာဉ်မောင်းများစုစည်းကာ ဖွဲ့စည်းထားသည့် မော်တော်ယာဉ်မောင်းသူများအသင်းမှ ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။ တစ်ရက်လျှင် အုံနာကြေး၊ လောင်စာဆီကြေး၊ မိသားစုစားစရိတ်တို့ကို အလျင်မီအောင်ရှာဖွေရသဖြင့် ယာဉ်မောင်းများ နေ့စဉ်သင်တန်းတက်ရန်မှာ ခက်ခဲသော အလုပ်ဖြစ်ကြောင်း ၄င်းကပြောသည်။ တက္ကစီယာဉ်များနှင့် ပတ်သက်ပြီး ၀န်ဆောင်မှု လိုအပ်ချက်အပြင် လက်ရှိအချိန်တွင် ဈေးနှုန်းသတ်မှတ်ချက်ပြဿနာသည်လည်း ဖြေရှင်းရမည့် ကိစ္စတစ်ခုဖြစ်သည်။ မီတာတပ်ဆင်ထားခြင်း မရှိသော သို့တည်းမဟုတ် မီတာတပ်ဆင်ထားသော်လည်း အသုံးမပြုသည့် အငှားယာဉ်များသည် ရေရှည်တွင် ဖြစ်လာနိုင်သည့် ပြဿနာတစ်ခုဖြစ်ကြောင်း ယာဉ်မောင်းများနှင့် ခရီးသွားလုပ်ငန်းများက ဆိုသည်။ “မီတာဆိုတာ ရှိသင့်တဲ့ စနစ်ပဲ။ ဒါပေမဲ့ သုံးမယ်ဆိုရင် တကယ်အဆင်ပြေဖို့ လိုတယ်” ဟု မော်တော်ယာဉ်မောင်းသူများ အသင်းမှဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။ လက်ရှိပြေးဆွဲနေသော ယာဉ်များမှာ စီအင်န်ဂျီ၊ ဒီဇယ်၊ ဓာတ်ဆီ စသည်ဖြင့် အသုံးပြုသည့် လောင်စာဆီနှင့် ဈေးနှုန်း မတူညီမှုများကြောင့် မီတာစနစ်ဟု တစ်ပြေးညီ လုပ်လိုက်ပါက လက်ရှိအချိန်တွင် အဆင်ပြေမည်မဟုတ်ကြောင်း ၄င်းကဆိုသည်။ နိုင်ငံတကာကဲ့သို့ အငှားယာဉ်များ မီတာစနစ် အသုံးပြုမည်ဆိုပါက လောင်စာဆီဈေးနှုန်း သက်သာသည့် စီအင်န်ဂျီသုံးယာဉ်များကို အခြားယာဉ်များ ယှဉ်နိုင်မည်မဟုတ်ကြောင်း ၄င်းကဆိုသည်။ စီအင်န်ဂျီသုံး မော်တော်ယာဉ်များတွင် မီတာတပ်ဆင်ကာ ပြေးဆွဲမှုများ ပြုလုပ်ခဲ့သော်လည်း ခရီးသည်အများစုက လက်မခံသေးဘဲ ပြဿနာအချို့ရှိနေဆဲဖြစ်ကြောင်း ပါရမီ၊ မီတာတက္ကစီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဗိုလ်မှူး ကြီးမျိုးမြင့်(ငြိမ်း)က ပြောသည်။ မီတာစနစ် မအောင်မြင်ရခြင်းမှာ ယာဉ်စီးသူက ယင်းစနစ်အပေါ် ယုံကြည်မှုမရှိခြင်း၊ ခရီးသည်က တတ်နိုင်သည့်ဈေးနှုန်းထက် ပိုကျမည်ကို စိုးရိမ်ခြင်းနှင့် ဈေးဆစ်ရန် အမြဲလိုလားနေခြင်းတို့ကြောင့် ဖြစ်ကြောင်း ၄င်းကဆိုသည်။ နိုင်ငံတကာ ခရီးသွားများသည် မီတာနှင့် စီးသောစနစ်ကို ကျင့်သားရနေပြီဖြစ်သော်လည်း ပြည်တွင်း ခရီးသွားများအတွက်မူ အလေ့အကျင့် လိုအပ်နေသေးကြောင်း ၄င်းကဆိုသည်။ “ဘယ်နိုင်ငံမှာမဆို ကုမ္ပဏီစနစ်နဲ့ သွားတယ်။ ယာဉ်လိုင်းတွေ စည်းကမ်းထိန်းတာကော၊ ၀န်ဆောင်မှု ပေးတာရော ကုမ္ပဏီ အနေနဲ့ဘဲ လုပ်ကြတယ်” ဟု ၄င်း က ဆိုသည်။ လက်ရှိတွင် နိုင်ငံတကာ အဆင့်ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် ကျင်းပခြင်း အပါအ၀င် လာရောက်လည်ပတ်မည့် ခရီးသွားများအတွက် လက်ရှိကြုံတွေ့နေရသော တက္ကစီပြဿနာများအတွက် ပြေလည်ရန် ဖြေရှင်းရန် လိုအပ်နေပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းများ လုပ်ငန်းများက ဆိုသည်။ “ခရီးသွားလုပ်ငန်းအတွက် ပြင်ဆင်ရမဲ့အထဲမှာ တက္ကစီတွေလဲ အရေးပါမှု တစ်ရပ်ဘဲ” ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ တက္ကစီအပါအ၀င် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ပါက ခရီးသွားအရေအတွက်သည် ခန့်မှန်းထားသည်ထက် နှစ်ဆခန့်ဖြစ်သည့် ခြောက်သန်းအထိ တိုးတက်လာနိုင်သည့်ဟု ၄င်းကဆိုသည်။ ပြောင်းလဲလာသော အခြေအနေများနှင့်အတူ အဆင်ပြေပြေ လိုက်ပါနိုင်ရန်အတွက် လက်ရှိကျင့်သုံးနေသည့် တက္ကစီစနစ်သည်လည်း ကြီးမားသည့် အပြောင်းအလဲတစ်ခု မဖြစ် မနေ လိုအပ်နေပြီ ဖြစ်သည်။ “အပြောင်းအလဲ တစ်ခုလုပ်ကို လုပ်ရတော့မယ်။ လက်ရှိအတိုင်းသွားနေရင်တော့ နောင် ၁၀ နှစ်လည်းအဆင်မပြေဘူး” ဟု မော်တော်ယာဉ်မောင်းသူများ အသင်း ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။ “ကားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက အရေးကြီးတယ်။ သူတို့တော်ရင်တော်သလောက် သူတို့ရိုင်းရင်းရိုင်းသလောက် နိုင်ငံရဲ့ပုံရိပ်ကို ထင်ဟပ်နေမှာ” ဟု စိတ်ပညာဆရာဝန် ဦးမျိုးသူကပြောသည်။ ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

SHARE THIS
Previous Post
Next Post