အသက် ၁ဝ၁ နှစ်အရွယ်ရှိ ကမ္ဘာ့ အသက်ကြီးဆုံး မာရသွန် အပြေးသမားကြီး အနားယူ တော့မည်

ကမ္ဘာ့ အသက်ကြီးဆုံး မာရသွန် အပြေးသမား အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည့် အသက် ၁ဝ၁ နှစ် အရွယ်ရှိ ဖူဂျာဆင်းဆိုသူ အမျိုးသားကြီးသည် လာမည့်လ၌ ဟောင်ကောင်တွင် ကျင်းပမည့် မာရသွန် အပြေးပြိုင်ပွဲ၌ နောက်ဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်ပြီးနောက် ပြိုင်ပွဲမှ အနားယူ တော့မည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်း ဌာနက ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

အိန္ဒိယနွယ်ဖွား တစ်ဦးဖြစ်သည့် ဖူဂျာဆင်းသည် အင်္ဂလန် နိုင်ငံ အီးဖော့တ်မြို့၌ နေထိုင်လျက် ရှိသည့် ဗြိတိသျှ နိုင်ငံသား တစ်ဦး ဖြစ်ပြီး ၎င်းသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပမည့် ဟောင်ကောင် မာရသွန် ပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ပြီး နောက် မည်သည့် ပြိုင်ပွဲတွင် မဆို ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့ရန် ဆုံးဖြတ် ထားသည်။ ထို့ပြင် ဆင်းသည် ဧပြီ ၁ ရက်တွင် အသက် ၁ဝ၂ နှစ်ပြည့်မည် ဖြစ်ကြောင်း ၎င်းသတင်း ဌာနက ဆက်လက် ဖော်ပြ ထားသည်။

ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိသော်လည်း နေ့စဉ် ၄ နာရီနီးပါး အပြေးလေ့ကျင့် နေမည်ဖြစ် ကြောင်း၊ အပြေး လေ့ကျင့်ခြင်းသည် မိမိဘဝ ဖြစ်ကြောင်း၊ အသက် ၈၉ နှစ် အရွယ်မှ စတင်၍ မာရသွန်ပြိုင် ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း၊ လန်ဒန်၊ တိုရွန်တိုနှင့် နယူးယောက်မြို့ များတွင် ကျင်းပ ခဲ့သော ၄၂ ကီလိုမီတာ အကွာရှိသည့် အပြေးပြိုင်ပွဲ ရှစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ အသက် အကြီးဆုံး မာရသွန် အပြေးသမား အဖြစ် အသိအမှတ်ပြု ခံခဲ့ရကြောင်း အိန္ဒိယ နိုင်ငံ ပန်ဂျတ် ပြည်နယ်သို့ အလည်အပတ် သွားရောက်စဉ် အတွင်း အိန္ဒိယတိုင်းမ် သတင်းစာသို့ ဆင်းက ပြောကြား ခဲ့သည်။

ထို့ပြင် မိမိသည် ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သော လန်ဒန် မာရသွန် အပြေး ပြိုင်ပွဲတွင် ၇ နာရီ ၄၉ မိနစ်နှင့် ပဉ္စမမြောက် ပန်းဝင်ခဲ့ပြီး အိုလံပစ် မီးရှူးတိုင်ကို သယ်ဆောင်ရန် ဖိတ်ကြားခြင်း ခံခဲ့ ရသောကြောင့် အလွန် ဂုဏ်ယူမိကြောင်း ဆင်းက ဆက်လက် ပြောကြား ခဲ့သည်။

မိမိကို ၁၉၁၁ ခုနှစ် ဧပြီ ၁ ရက်တွင် မွေးဖွားခဲ့ပြီး ငယ်ရွယ်စဉ် အချိန်မှ စ၍ ယခု အချိန်အထိ မည်သည့် ရောဂါ ဝေဒနာမှ မခံစား ခဲ့ရကြောင်း၊ ထို့ကြောင့် မည်သည့် ဆေးဝါးမှလည်း မမှီဝဲ ရကြောင်း၊ ကျန်းမာရေး ကောင်းမွန်သည့် အဓိက အကြောင်း အရင်းမှာ နေ့စဉ် ကျန်းမာရေး လိုက်စား၍ သင့်တင့် မျှတသော အစား အသောက်များကို စားသုံးခြင်းကြောင့် ဖြစ်ကြောင်း ဆင်းက ပြောကြား ခဲ့သည်။

http://www.myawady.net.mm/allnews/global/item/5429-2013-01-27-11-34-11#.UQUOt528B8E

SHARE THIS
Previous Post
Next Post