နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များ ပထမဆုံးအကြိမ်တွေ့ဆုံ

ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 20 Jan, 2013

၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံ အတွင်းရှိ လူမှုရေးအသင်းများမှ တင်ပြဆွေးနွေးသော အခက်အခဲပြဿနာများကို နားထောင်ကာ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 မြန်မာနိုင်ငံအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များသည် တရားဝင်လူမှုကူညီရေး ဖြစ်လာစေရန်အတွက် မှတ်ပုံတင်ကြေး (၅)သိန်းမှာ များပြားကြောင်း ၊ NGO ဥပဒေရေးဆွဲရာတွင် လူမှုရေးအသင်းအဖွဲ့များအနေဖြင့်  ပါဝင်နိုင်ရန် ဆောင် ရွက်ပေးသင့်ကြောင်း ၊ မှတ်ပုံတင် သက်တမ်းတိုးသည့်အခါ လွယ်ကူမြန်ဆန်စေရန် ဆောင်ရွက်ပေးလိုကြောင်း ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် သမ္မတရုံးတို့ ဆက်သွယ်ရေးအတွက် ကြားခံ လူပုဂ္ဂိုလ်ထားရှိပေးရေး အစရှိသည့် အခက်အခဲများကို တင်ပြခဲ့ကြသည်။

“လူမှုရေးအသင်းအဖွဲ့ဆိုတာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီဆောင်ရွက်ပေးသူတွေပါ ၊ အဲ့လို ကူညီပေးသူတွေကို တရားဝင်လုပ်နိုင်အောင် မှတ်ပုံတင်ကြေး (၅)သိန်းတောင်းတာက အလွန်များလွန်းနေပါတယ်။ အဲ့ဒါကိုလည်း ပြန်လည်စဉ်းစားပေးစေလိုပါတယ်။” ဟု အောင်ဖောင်ဒေးရှင်းတွင် လုပ်ကိုင်နေသော စာရေးဆရာမ မသန်းမြင့်အောင်က နိုင်ငံတော်သမ္မတအား တောင်းဆိုခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၁၈ရက်နေ့၌ ကချင်ပြည်နယ် လဂျာယန်မြို့ရှိ မြန်မာစစ်တပ်နှင့် ကေအိုင်အို၊ ကေအိုင်အေတို့ နှစ်ဖက်တပ် အပစ်အခတ်ချက်ချင်းရပ်စဲရေး အတွက်သာ ထုတ်ပြန်ခဲ့ခြင်းအပေါ် ငြိမ်းဖောင်ဒေးရှင်းက မေးမြန်းခဲ့သည်။

“ကချင်ပြည်နယ်မှာ တစ်နေရာတည်းကိုသာ သမ္မတအနေနဲ့ အပစ်အခတ်ရပ်စဲဖို့ ထုတ်ပြန်ခဲ့တာဟာ တခြားနေရာတွေကို အပစ်အခတ်မရပ်ဆိုင်းဖို့လားဆိုတာကို ကျွန်မတို့အနေနဲ့ စိတ်ပူရပါတယ်” ဟု ငြိမ်းဖောင်ဒေးရှင်း တာဝန်ခံကပြောသည်။

လူမှုရေးအသင်းအဖွဲ့များမှ ၄င်းတို့ကြုံတွေ့နေရသော အခက်အခဲများကို နိုင်ငံတော်သမ္မတထံ တင်ပြအပြီး အဆိုပါ ကိစ္စရပ်များကို ရှင်းလင်းပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးများအား ဖိတ်ခေါ်ခဲ့သော်လည်း တစ်ဦးတစ်ယောက်မျှ   ပြန်လည်ပြောဆိုခဲ့ခြင်းမရှိခဲ့ပါ။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် လူမှုရေးအသင်းအဖွဲ့များမှ ယခုတင်ပြသော အခက်အခဲများကို ၄င်းအနေဖြင့် တက်နိုင်သမျှဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လူမှုရေးအသင်းအဖွဲ့မှတ်ပုံတင်ကြေးကိစ္စသည် ပြည်ထဲရေးဝန်ကြီး နှင့် သက်ဆိုင်ကြောင်း ၊ နောက်တစ်ကြိမ် လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံချိန်တွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများ ပါဝင်ဖြေဆိုနိုင်ရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံခြင်းသည် အစိုးရသစ်ပြောင်းလဲပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး နောက်ပိုင်းတွင်လည်း ထပ်မံတွေ့ဆုံရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်တွင်းတွင် လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသည့် ငြိမ်းဖောင်ဒေးရှင်း ၊ အောင်ဖောင်ဒေးရှင်း ၊ ပွင့်လင်းလူ့အဖွဲ့အစည်း ၊ ဆည်းဆာရိပ်ဂီလာန ဘိုးဘွားရိပ်သာ ၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း နှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အပါအ၀င် လူမှုအဖွဲ့အစည်းပေါင်း (၈၀)ကျော် မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။



SHARE THIS
Previous Post
Next Post