နေရာဟောင်းသို့ ပြောင်းရွှေ့လိုသည့် မြေနီကုန်းဈေးသူဈေးသားများ

ထွန်းနေအောင် (မြစ်မခ)
by Myit Makha Mediagroup on 19 Jan, 2013



ကမာရွတ်မြို့နယ် သံလွင်လမ်းရှိ မြေနီကုန်းဈေးကို နေရာဟောင်းဖြစ်သည့် ဦးဝိစာရလမ်းသို့ ပြန်လည် ပြောင်းရွှေ့ပေး ရန် ဈေးသူဈေးသားများ မှ ဇန်န၀ါရီ (၁၈)ရက်နေ့က တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
 
အဆိုပါ မြေနီကုန်းဈေးဟောင်းကို ယခင်အစိုးရလက်ထက် ၁၉၉၅ခုနှစ် မတ်လ(၂၅)ရက်နေ့တွင် အဆင့်မြင့်ဈေး တည်ဆောက်ပေးမည်ဟုဆိုကာ စည်ပင်သာယာမှ ရွှေ့ပြောင်းခိုင်း၍ ဈေးသူ ဈေးသားများမှ ရွှေ့ပြောင်းပေး ခဲ့ရခြင်းဖြစ်ကြောင်း ဈေးသူဈေးသားများထံမှသိရှိရသည်။
 
ကျွန်မတို့ကို ပြောင်းခိုင်းတုန်း ဈေးကို အဆင့်မြှင့်ပေးမယ်။ ဆိုင်ခန်းတွေကိုလည်း နဂိုအတိုင်း ပြန်ပေးမယ်။ ၃ နှစ် အတွင်းမှာ အပြီးဆောက်ပေးမယ်ဆိုလို့ ပြောင်းခဲ့ရတယ်။ ကျွန်မတို့ ဦးဝိစာရ လမ်းပေါ်မှာ ပြန်လိုချင်တယ်။ သံလွင်လမ်းဈေးက ရပ်ကွက်ထဲမှာ မဟုတ်တော့ အရောင်းအ၀ယ်က လုံးဝ မကောင်းဘူး။ ဈေးဟောင်းနေရာက ရက်ကွက်ဆိုတော့ အရောင်းအ၀ယ်ကောင်း တယ်။ ပြန်ပြီးနေရာ ချထားပေးစေလိုတယ် ဟု ဈေးသည် ဒေါ်ဝါ၀ါမြင့်က ပြောသည်။
 
အဆိုပါဈေးအား ရွှေ့ခိုင်းချိန်တွင် ဈေးမှာပြုပြင်ရန် လိုအပ်ခြင်းမရှိပဲ ဈေးအသစ်ဖြစ်သော်လည်း ပို၍ ကောင်းအောင် အဆင့်မြှင့်ပေးမည်ဟုဆိုကာ ပြောင်းရွှေ့ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
 
မြေနီကုန်းဈေးအား ၁၉၅၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ဗိုလ်ချုပ်ဈေးကဲ့သို့ ရုံကြီးဖြစ်၍ ၀န်ကြီးကတော်များလည်း လာရောက် ဈေးဝယ်ယူသောကြောင့် ပိုမိုကောင်းမွန်အောင် တည်ဆောက် ပေးမည်ဟုဆိုကာ  စည်ပင်ဝန်ကြီးဋ္ဌာနမှုး ဦးကျော်ရှိန်မှ ယာယီ(၃)နှစ်ခန့် ရွှေ့ခိုင်း၍ ပြောင်းပေးခဲ့ရခြင်း ဖြစ်ကြောင်း ဈေးသူဈေးသားများထံမှ သိရှိရသည်။
 
ဦးကျော်ရှိန်က ၃ နှစ်ပြောင်းပေးပါ ပြီးရင် ပိုက်ဆံလည်း မပေးရဘူး၊ မြေညီထပ်မှာပြန်ပေးမယ်ဆိုလို့ သံလွင်လမ်းဈေးကို   ပြောင်းလိုက်တာပါ။ စည်ပင်သာယာ တွဲဖက်အတွင်းရေးမှူးဆီကို ၂၀၁၂ ခုနှစ် ၁၂လပိုင်းမှာ ဈေးမြေနေရာဟောင်းက သူဋ္ဌေးပိုင်ဖြစ်သွားပြီတဲ့ သူတို့က ဘာမှမလုပ်ပေးနိုင်တော့ဘူး တဲ့ သံလွင်ဈေးမြေနေရာကလည်း အိုးအိမ်ပိုင်တဲ့ ဘယ်သူပဲပိုင်ပိုင် ကျွန်မတို့ကို ပြန်ဆောက်ပေးပါ  ၁၈ နှစ်တောင်ရှိပါပြီ အများ သိအောင်ထုတ်ပြောရတာပါ ဈေးမိဈေးဖ ဒေါ်မြမြက ပြောသည်။    
 
မြေနီကုန်းဈေးသည် မြေနီကုန်းရပ်ကွက်အတွင်းတွင် တည်ရှိကာ ဂရန်အမည်ပေါက်ပြီးသား မြေ ဖြစ်ကြောင်း ဈေးသည်များထံက သိရသည်။
 
နိုင်ငံပိုင်ဈေးတစ်ခုကို နိုင်ငံတော်စီမံကိန်းအတွက် မဟုတ်ပဲ သိမ်းဆည်းခြင်းဟာ လုံးဝ မသင့်တော်ပါဘူး။ တရားနည်းလမ်းလည်း မကျပါဘူး။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အနေနဲ့ ဈေးသူဈေးသားတွေကို မူလ ကတိပေးထားတဲ့အတိုင်း အဆင့်မြင့်ဈေး   ပြန်တည်ဆောက်ပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်။ တာဝန်ရှိသူတွေကိုလည်း သိစေခြင်ပါတယ်"ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုဥာဏ်လင်းက ပြောသည်။
 
မြေနီကုန်းဈေးကြီးတွင် ဈေးဆိုင်ခန်းပေါင်း (၃၀၀)ကျော်ရှိပြီး ဈေးသူးဈေးသားများ၏နောက်တွင် မိသားစုထောင်ချီရှိကာ (၁၈)နှစ်လုံးလုံး ဒုက္ခရောက်နေခဲ့ရကြောင်း ဈေးသူဈေးသားတို့က ဆိုသည်။
 
ယာယီဆိုပြီး ပြောင်းခိုင်းတယ်။ ၃နှစ်နေလည်း မပြောင်းရ အဆင့်မြှင့်ဈေးဆောက်ဖို့ဆိုပြီး လိုက်မေးတော့မှ ရောင်းလိုက်ပြီဆိုတာကို သိရတယ်။ အမတို့ ဈေးနေရာကို ပြန်လိုချင်လို့ တောင်းတာ။ အမတို့ကို ပေးထားတဲ့  သံလွင်ဈေးဆိုတာ မြေနီကုန်းဈေးလောက်   ဈေးရောင်း မကောင်းဘူး။ အတော်လေးလည်း ဒုက္ခရောက်နေ ကြရပါပြီ။အမြန်ဆုံးပြန်ဆောက်ပြီး နေရာပြန်ပေးဖို့ တောင်းဆိုနေရ တာပါဟု ဈေးသည်တစ်ဦးဖြစ်သူ ဒေါ်စန်းစန်းကြည်က ပြောသည်။
 
ဈေးသည်များ၏ စားဝတ်နေရေးအတွက် လက်ရှိတွင် ဈေးသည်များအနေဖြင့် သံလွင်လမ်းရှိဈေးတွင် ရောင်းချခြင်းမပြု ပဲ မြေနီကုန်ရပ်ကွကအတွင်းရှိ ပျံကျဈေး၌ သွားရောက်ရောင်းချနေရကြောင်း သိရှိရသည်။
 
ဈေးသည်များအနေဖြင့် ဈေးပြောင်းရွေ့လိုသည့်ကိစ္စအား နိုင်ငံတော် သမ္မတ၊ ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ILO အဖွဲ့စည်း၊ မြို့တော်ဝန် ဦးလှမြင့်၊ ဦးအောင်ကြည်ညွှန့်(NLD) ပြည်သူတို့၏ တိုင်ကြား စာနှင့် အသနားခံစာကော်မတီ၊ ဈေးများဋ္ဌာနမှူး ဦးစံရွှေထွန်း၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် စမ်းချောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံသို့ စာတင်ထားကြောင်း သိရသည်။
 

SHARE THIS
Previous Post
Next Post