ကျေးဇူးဆပ်တဲ့အနေနဲ့ မွေးရပ်မြေမြောင်းမြကို ရောက်အောင်သွားပြီး လှူဖို့ရှိတယ် မာမာအေး

Photo

By 8 Days Journal 26 January, 2013 
ငယ်စဉ်မွေးဖွားရာ ဇာတိမြို့ကလေးကို လူတိုင်းချစ်မြတ်နိုး တွယ်တာတတ်ကြပါတယ်။  အရွယ်ရောက်လို့ ပညာဆည်းပူးဖို့၊ ဘဝတိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေဖို့အတွက် မိမိရဲ့ဇာတိမြို့ကို စွန့်ခွာလို့ မြို့ကြီးပြကြီးကို ရောက်လာခဲ့တဲ့ သူတွေရှိပါတယ်။ ကိုယ့်ရဲ့အိပ်မက်ကိုယ်စီနဲ့ပေါ့။ ဘယ်လိုအချိန် ဘယ်ကာလမှာပဲမဆို ကိုယ့်ရဲ့ဇာတိမြို့လေးကို လွမ်းတမ်းတစိတ်တော့ ဖြစ်မိတတ်ကြပါတယ်။  မြို့ပြမှာ အလုပ်တွေမောလို့ စိတ်ကြည်နူးစရာရယ်လို့ ပြန်တွေးမိရင် ကိုယ့်ဇာတိက ငယ်ဘဝတွေဆိုရင် မှားမယ် မထင်ပါဘူး။ အနုပညာရှင်တွေထဲမှာလည်း အနယ်နယ် အရပ်ရပ်က သူတွေ ရှိပါတယ်။ သူတို့တွေရော..သူတို့ရဲ့ဇာတိမြေကို ဘယ်လိုလွမ်းလဲဆိုတာ ဒီလိုပဲ မေးဖြစ်ခဲ့သမျှ ဖော်ပြပေးလိုက်ပါတယ်။ မာမာအေးရဲ့ မွေးရပ်ဇာတိက မြောင်းမြမြို့ကပါ။ မြောင်းမြမြို့၊ ကမ်းနားလမ်း၊ ဘုရားကြီးနားက ရှမ်းကုန်းပိုင်းမှာပါ။ ရန်ကုန်ကို ရောက်ပြီးခါစလောက်က ပြန်ဖြစ်တယ်။ နောက်ပိုင်း မွေးရပ်မြေကို မပြန်ဖြစ်တာကြာပြီ။ မာမာအေးရဲ့ ကျန်းမာရေး အခြေအနေကြောင့်လေ။ အမေရိကားကို  မသွားခင်တုန်းကတော့ မြောင်းမြမြို့မှာ မာမာအေးချစ်ရတဲ့ ပရိသတ်တွေအတွက် ပွဲလေးတွေ လုပ်ဖြစ်ခဲ့တယ်။ မြောင်းမြမြို့မှာ မာမာအေးအဘွား အစ်မအကြီးဆုံး အိမ်ရှိတယ်။ အဘွားရဲ့ ညီမနှစ်ယောက်ရဲ့ မျိုးဆက်တွေပဲ ကျန်တော့တယ်။ ဧရာဝတီတိုင်း မြောင်းမြမြို့လေးမှာ မာမာအေးရဲ့ငယ်ဘဝ ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရ တွေကတော့ အများကြီးပါ။ အခုချိန်မှာ အဲဒါလေးတွေက အမှတ်တရတွေ အများကြီး ဖြစ်တာပေါ့။ မြောင်းမြမြို့မှာရှိတဲ့ ဘုရားပွဲတွေမှာ လည်ပတ်ခဲ့ရတဲ့ ငယ်ဘဝတွေ၊ ကျောင်းတက်ခဲ့တဲ့ ဘဝလေးတွေ ပြန်မှတ်မိ သတိရမိတယ်။ နောက်ပြီး မြောင်းမြမှာ အစားအသောက်က အရမ်းကောင်းတယ်။ မြောင်းမြမုန့်ဟင်းခါးဆိုရင် နာမည်ကြီးပဲလေ။ အဲဒီလို အမှတ်တရ အဖြစ်အပျက်လေးတွေက ခုချိန်မှာ ပြန်ပြောင်းအောက်မေ့ သတိရစရာတွေပါပဲ။ မွေးရပ်မြေကို အလွမ်းဆုံး အချိန်ရယ်လို့တော့ မရှိပါဘူး။ ကိုယ်ကရောက်မှ မရောက်ဖြစ်တော့တာကိုး။ ဒါပေမဲ့ မွေးရပ်မြေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ကတော့ ပထမဦးဆုံး အနေနဲ့ ဘုရားစောင်းတန်းတွေ လှူဖို့ အစီအစဉ် ရှိပါတယ်။ မာမာအေးရဲ့ကျန်းမာရေး အခြေအနေက သိပ်ပြီးမကောင်းပေမယ့် မွေးရပ်မြေကို ရောက်အောင်သွားပြီး လှူဖို့ အစီအစဉ်ရှိတယ်။ ကျန်းမာရေးက သိပ်ပြီးမကောင်းတော့ ရောက်ပြန် သဘောပဲပေါ့လေ။ မာမာအေးက မတ်လထဲကျမှ အမေရိကားကို ပြန်ဖြစ်မှာပါ။ ရသနှလုံးသား ပေးဆပ်ပွဲပြီးရင် နောက်လထဲမှာ တစ်ပွဲထပ်လုပ်ဖို့ အစီအစဉ် ဆွဲထားသလို နယ်ကလည်း ပွဲတွေလုပ်ဖို့ ခေါ်နေတာ တောက်လျှောက်ပဲလေ။ ဒါပေမဲ့ စဉ်းစားရဦးမယ်။ ကျန်းမာရေး အတွက်ကြောင့်ပါ။ အခုချိန်မှာ တစ်ကိုယ်တော် စီးရီးကတော့ ဘာမှမပြောသေးဘူး။ လူမှုရေး ပွဲလေးတွေ လုပ်ဖို့ရှိပါတယ်။

ကလောင် - ထွန်းမြင့်ဇော်

SHARE THIS
Previous Post
Next Post