ရခိုင်တမျိုးသားလုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေး ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ရခိုင်ပြည်တပ်မတော် ထုတ်ပြန်

ရခိုင်ပြည်အချုပ်အခြာအာဏာကျဆုံးသည့် ၂၂၈-နှစ်မြောက် အခမ်းအနားကို ရခိုင်ပြည်တပ်မတော် (Arakan Army) ၏ အရှေ့ဘက်စစ်ဒေသတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါအခမ်းအနားကို ကရင်ပြည်နယ်၊ ဘုရားသုံးဆူနှင့် ဇာမရီတို့တွင် နှစ်နေရာခွဲပြီး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတွင် ရခိုင်ပြည်ကျဆုံးရခြင်းအကြောင်းနှင့် ယနေ့ ရခိုင်ပြည်သူတို့ ခံစားနေကြရသည့် ဘ၀အခြေနေများကို ရဲဘော်များအား သိရှိကြစေရန်နှင့် တစ်ဦးချင်းစီ၏ အမြင်သဘောထားများကို အပြန်အလှန် တွေ့ဆုံဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းတို့ဖြစ်ကြောင်း ရခိုင်ပြည်တပ်မတော်မှ နိုင်ငံရေးမှုး ဗိုလ်ကြီးအောင်ထွန်းက Arakan Review သို့ ပြောသည်။ “ကျွန်တော်တို့ ဒီအခမ်းအနားကို လုပ်ရခြင်းက ဒီနေ့ ဒီဇင်ဘာ (၃၁) ရက်နေ့ဟာ ရခိုင်ပြည်ကို ဗမာဘုရင်မောင်ဝိုင်း သိမ်းပစ်ပြီး ရခိုင် ထီးနန်းကို မီးရှို့လိုက်တဲ့နေ့။ ရခိုင်တပြည်လုံး၊ ရခိုင်တမျိုးသားလုံးကို ဗမာ့ကျွန်ပြုခဲ့တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ကောဇာသက္ကရာဇ် (၁၁၄၆) ခု ကတည်းက ဗမာတွေဟာ ရခိုင်တွေကို ကျွန်ပြုလာခဲ့တာ ဒီနှစ်မှာ (၂၂၈) နှစ်တင်းတင်း ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ ကနေ့အချိန်ထိ ဘာကြောင့် တော်လှန်ရေး လုပ်နေကြရသလဲဆိုတာကို သိရှိကြဖို့ အတွက်၊ ရခိုင်ဘုရင်နဲ့ ရခိုင်ပြည်အတွက် ပေးဆပ်ခဲ့ကြတဲ့ အသက်သွေးပေါင်းများစွာအတွက် ဒီနေ့မှာ ဂါရ၀ပြုဦးညွန့်ရခြင်း ဖြစ်ပါတယ်။ ”ဟု၎င်းကဆိုသည်။ ယင်းအခမ်းအနားတွင် တက်ရောက်ခဲ့သူအားလုံးက ရခိုင့်အောင်လံတော်နှင့် ရခိုင်ပြည်အတွက် တိုက်ပွဲဝင်ယင်း အသက်၊ ချွေး၊ သွေးများကို ပေးဆပ်သွားခဲ့ကြသည့် ရခိုင့် အာဇာနည်ခေါင်းဆောင်များကို အောက်မေ့တသ ဂါရ၀ပြုခဲ့ကြကြောင်းနှင့် ရခိုင်ထီးနန်းကျဆုံးရခြင်း အကြောင်းနန့်ပတ်သက်ပြီး ရခိုင်ပြည်တပ်မတော် (Arakan Army) ၏ သဘောထားကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထိုကြေညာချက်ထဲတွင် ရခိုင်အမျိုးသားများသည် ကိုယ့်မင်းကိုယ်ချင်းဖြင့် လွတ်လပ်ခဲ့စဉ်က စစ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာ စသည့် နယ်ပယ်များတွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းခဲ့ပြီး ကမ္ဘာ့အလယ်တွင် ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ကြောင်း၊ သူ့ကျွန်ဘဝ ကျရောက်ချိန်မှ စ၍ ခေတ်အဆက်ဆက် အုပ်စိုးသူ ဗမာနယ်ချဲ့တို့၏ မတရားဖိနှိပ်အုပ်ချူပ်မှုကြောင့် ရခိုင်လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်စီးယိုယွင်းလာခဲ့ကြောင်း ဖော်ပြပါရှိသည်။ တဖန် ကျူးကျော်သူ ဗမာနယ်ချဲ့တို့၏ ဖိနှိပ်မှု အဘယ်မျှ ပြင်းထန် ဆိုးဝါးနေပါစေ၊ ရခိုင်ပြည်တပ်မတော်အနေဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ထောက်ခံမှုဖြင့် ဘ၀တူ အဖိနှိပ်ခံ လူမျိုးစုံပြည်သူလူထုနှင့် လက်တွဲလျှက် ရခိုင်တမျိုးသားလုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ ဒီမိုကရေစီရေး၊ လူအခွင့်အရေးနှင့် လူသား မျိုးနွယ်စုတခုလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ်ဖြင့် မိမိတို့ ရည်မှန်းရာ ပန်းတိုင်ရောက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

SHARE THIS
Previous Post
Next Post