ဂျာမနီနိုင်ငံ (FES) အဖွဲ့မှ ကမကထ ပြု၍ စာနယ်ဇင်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

Photo
ဇန်နဝါရီလ ၂၂ ရက် ။ ။ ဂျာမနီနိုင်ငံ Friedrich Ebert Stiftung (FES) အဖွဲ့မှ ကမကထပြုလုပ်၍ သတင်းပညာ ကျွမ်းကျင် ပညာရှင် ဂျာမန်နိုင်ငံသား ဟန်ဒရစ်ဘတ်(စ)ဆခ် (Hendrik Bussiek) မှ ဦးဆောင် ဆွေးနွေးသော  မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲ (Media Reform in Myanmar) ကို ဇန်နဝါရီ ၂၂ ရက်က Park Royal ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲအား နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး စာနယ်ဇင်းကောင်စီ (ယာယီ)မှ အဖွဲ့ဝင်အချို့ တက်ရောက် ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ဟန်ဒရစ်မှ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ၏ လုပ်ဆောင်နေသည့် တာဝန်နှင့် ရပ်တည်ချက်များအား နိုင်ငံတကာ အတွေ့အကြုံ များနှင့် နှိုင်းယှဉ် တင်ပြခဲ့သည်။

စာနယ်ဇင်းကောင်စီ၏ တာဝန်များအား ပြောကြားရာတွင် ဟန်ဒရစ်က “စာနယ်ဇင်း ကောင်စီဆိုတာ အစိုးရ၊ မီဒီယာ၊ လူထု၊ ပုံနှိပ် ထုတ်ဝေသူတွေနဲ့ ပူးပေါင်း လုပ်ဆောင်ရတဲ့ အဖွဲ့အစည်း တစ်ခုပါ။ အဲဒီ့ အုပ်စုတွေကြားမှာ ထိန်းညှိပေးတဲ့ အဖွဲ့တစ်ခု အနေနဲ့ ရပ်တည်ရပါတယ်။ စာနယ်ဇင်းကောင်စီဆိုတာ သီးခြားရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုအပ်ပြီး မူဝါဒပိုင်းနဲ့ ငွေကြေးဆိုင်ရာမှာ အခြားအဖွဲ့အစည်းတွေရဲ့ လွှမ်းမိုးမှုအောက် ကျရောက်လို့ မဖြစ်ပါဘူး” ဟု ပြောသည်။

ထို့အပြင် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များသည် ပုံနှိပ်ထုတ်ဝေသူ၊ သတင်းသမားများနှင့် ပြည်သူများအား ကိုယ်စား ပြုသူများဖြစ်ရန်နှင့် ကောင်စီ၏ စည်းမျဉ်းများ၊ မူဝါဒများ ချမှတ်ရာတွင် ကောင်စီ၏ ကိုယ်ပိုင်သဘောထားဖြင့် ချမှတ်နိုင်သကဲ့သို့ တရားဝင် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် အစိုးရ၏ မူဝါဒများကို ကိုးကား၍လည်း ချမှတ်နိုင်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော့် အနေနဲ့ကတော့ စာနယ်ဇင်းကောင်စီ တစ်ခုအနေနဲ့ စည်းကမ်းတွေ မူဝါဒတွေ ချမှတ်မယ်ဆိုရင် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ချမှတ်တာကို ပိုလိုလားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်စီဝင်တွေ အနေနဲ့ မီဒီယာသမားတွေ လိုက်နာရမယ့် စည်းကမ်းတွေကို ဥပဒေကနေ မှီငြမ်းရင် ကိုက်ညီမှု ရှိချင်မှ ရှိပါမယ်။ ပြီးတော့ အစိုးရ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး မူဝါဒတွေ ချမှတ်မယ်ဆိုရင်လည်း လွတ်လပ်တဲ့ အဖွဲ့အစည်းလို့ ဆိုနိုင်မှာ မဟုတ်ပါဘူး။” ဟု ပြောသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲထားသည့် စာနယ်ဇင်း ဥပဒေ (မူကြမ်း) နှင့် ပတ်သတ်၍ လည်းကောင်း၊ စာနယ်ဇင်း ဥပဒေ ရေးဆွဲရာတွင် ရုပ်သံ မီဒီယာများနှင့် ပုံနှိပ်မီဒီယာများအတွက် နိုင်ငံတကာတွင် ဥပဒေနှစ်မျိုး ထားရှိကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

FES အဖွဲ့သည် နှစ်ပေါင်း ၄၀ ကြာ အရှေ့ဥရောပ၊ အာဖရိကနှင့် အာရှနိုင်ငံများရှိ မီဒီယာများ၏ အခန်းကဏ္ဍ မြှင့်တင်ရေးအား အားပေးလုပ်ဆောင်ခဲ့သည် အဖွဲ့အစည်း ဖြစ်သည်။

ကျွမ်းကျင်ပညာရှင် ဟန်ဒရစ်သည်လည်း ဂျာမဏီနိုင်ငံရှိ ရေဒီယိုဌာနများတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် နယူးဇီလန်နှင့် ဩစတေးလျ နိုင်ငံများ အပါအဝင် တောင်ပစိဖိတ် ဒေသများအတွက် သတင်း အေဂျင်စီတစ်ခုအား ထူထောင်ပေးခဲ့သူလည်း ဖြစ်သည့်အပြင် အရှေ့ဥရောပ၊ အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများတွင် မီဒီယာအကြံပေးအဖြစ် လုပ်ကိုင်နေသူလည်း ဖြစ်သည်။

Eleven Media Group

SHARE THIS
Previous Post
Next Post