နာဂ Hill ပြီးတော့ အိန္ဒိယက နာဂ Land ဘက်ကို သွားရောက်လေ့လာ ဦးမယ့် ဒါရိုက်တာ ကြည်ဖြူသျှင်


ဒါရိုက်တာကြည်ဖြူသျှင်က နာဂတိုင်းရင်းသားတွေရဲ့ ရိုးရာနှစ်သစ် ကူးပွဲတော်ကို ဇန်နဝါရီ ၁ဝရက်နေ့ က သွားရောက်လေ့လာခဲ့ပါတယ်။ ခရီးစဉ်က ၆ ရက်လောက် ကြာခဲ့ပြီး ၁၆ရက် နေ့မှာ ပြန်လည် ရောက် ရှိခဲ့ပါတယ်။ အခုလို သွားရောက် လေ့လာဖြစ်ခြင်းကလည်း နာဂရုပ်ရှင် ဇာတ်ကား ရိုက်ကူးဖို့ပဲ ဖြစ်ပါတယ်။ နာဂလူမျိုးတွေကို တအားစိတ်ဝင်စားတဲ့ သူ့အနေနဲ့ နာဂပွဲတော်ကို အရင်ကတည်းက သွားချင်ခဲ့တာဖြစ်ကြောင်း၊ အခုလိုမျိုး နာဂပွဲတော်ကို ကိုယ်တိုင်သွားရောက်ဖို့ ဖြစ်လာတဲ့အတွက်ကို မမျှော်လင့်ခဲ့ ကြောင်း၊ အင်တာဗျူးတွေမှာလည်း နာဂလူမျိုးတွေကို တအားစိတ်ဝင် စားပြီး နာဂလူမျိုးတွေအကြောင်း ရုပ်ရှင်ရိုက်ချင်တယ် ဆိုပြီး ဖြေခဲ့တာ တွေကို နာဂဘက်ကဖတ်မိခဲ့ကြပြီး သူ့ကို နာဂဇာတ်ကား ရိုက်ပေးနိုင်မလားဆိုပြီး ကမ်းလှမ်းခဲ့ကြကြောင်း၊ ဒီနာဂဇာတ်ကားက ကမ္ဘာကိုထိုးဖောက်မယ့် ဇာတ်ကားတစ်ကား ဖြစ်အောင် ရိုက်ဖို့စီစဉ် ထားကြောင်း၊ ဒါကြောင့်လည်း နာဂပွဲတော်ကို သွားရောက်လေ့ လာခြင်းဖြစ်ကြောင်း ဒါရိုက်တာကြည်ဖြူသျှင်က ပြောပါတယ်။

''ပုံမှန်အားဖြင့် ဗီဒီယိုကားဆိုရင်တော့ ပွဲတော်လာရင်းနဲ့ ရိုက်လိုက်လို့ ရတယ်။ ရုပ်ရှင်ဖြစ်တဲ့အတွက် ပထမအဆင့် အစ်မအရင်လေ့လာတယ်။ ရိုက်မှာက ၂ဝ၁၄မှာရိုက်မယ်။ ပွဲကိုလာဖို့အတွက် စီစဉ်ပေးတာကတော့ ဇာတ်ကားပရိုဂျူဆာတွေကပဲ စီစဉ်ပေးတာပါ။ ပွဲတော်ကတော့ ၂ ရက် တည်းပါပဲ။ဒါပေမဲ့ အစ်မတို့ အသွား အပြန်ကို ၇ရက်လောက် အချိန်ယူရ တယ်။ လမ်းခရီးတစ်လျှောက် တအား ပင်ပန်းတယ်ဆိုပေမယ့်လည်း နာဂ လူမျိုးတွေရဲ့ ရိုးရာတွေ၊ဓလေ့တွေ၊ နောက် ဒေသခံတွေရဲ့ ရိုးသားမှု တွေက ပင်ပန်းမှုတွေကို ပြေပျောက်စေတယ်” လို့ ပြောပါတယ်။

နာဂဒေသကို ရောက်ရှိတဲ့အခါမှာ ၂မျိုးခံစားလိုက်ရပြီး တစ်မျိုးက ပွဲတော်ကို တက်လာတဲ့ နာဂ လူမျိုးတွေက ဖိနပ်မပါဘဲ ရွာအသီးသီးကနေ ရိုးရာအဝတ် အစားတွေနဲ့ လာကြပြီး ရိုးရာအကတွေမြင်ရတဲ့အခါ အနုပညာသမား တစ်ယောက် အနေနဲ့ တအားသဘောကျမိကြောင်း၊ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ကြည့်ရင်တော့ စိတ်မကောင်းဖြစ်မိကြောင်း၊သူတို့ရဲ့ ဆင်းရဲမှုတွေ၊ သူတို့ရဲ့ နေပုံထိုင်ပုံတွေ မြင်ခဲ့ရကြောင်း ဒါရိုက်တာကြည်ဖြူ သျှင် က ပြောပါတယ်။ ပညာရေးကွန်ရက် ကျောင်းဖွင့်ထားတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်က နာဂဒေသမှာ ပညာရေးကွန်ရက် ကျောင်းခွဲ တစ်ခုဖွင့်နိုင်ဖို့ စီစဉ်ထားကြောင်း၊ နာဂဒေသကနေ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအတွက် အကျိုးရှိအောင်လုပ်မယ်ဆိုတဲ့ လူငယ်တွေကို ရန်ကုန်ကို ခေါ်ပြီး စွမ်းရည်မြင့်တက် လာစေမယ့် ပညာရပ်တွေသင်ပေး ဖို့ စီစဉ်ထားကြောင်း ဒါရိုက်တာကြည် ဖြူသျှင်က ပြောပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင်က မတ်လမှာတော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ နာဂ Land ဘက်ကို ဇာတ်ကားအတွက် သွားရောက် လေ့လာမှာ ဖြစ်ပါတယ်။

''လူတော်တော်များများက နာဂလို့ ပြောရင် အစ်မတို့မြန်မာပြည်မှာရှိတဲ့ တအားရိုးသားတဲ့၊ဆင်းရဲ နွမ်းပါးတဲ့ နာဂကိုပဲသိတယ်။ တစ်ဖက်မှာ တအား တိုးတက်တဲ့ နာဂတွေ ရှိတယ်ဆိုတာ မသိကြဘူး။နာဂ Land ဆိုရင် အိန္ဒိယမှာရှိတဲ့ နာဂ၊ နာဂ Hill ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ နာဂပေါ့။ တကယ်တမ်းတော့ နာဂဆိုတာ တစ်မျိုးတည်းပါပဲ။ နာဂတစ်ခြမ်းက အိန္ဒိယဘက် ပါသွားတယ်။

နာဂတစ်ခြမ်းက မြန်မာပြည်ဘက်မှာကျန်ခဲ့တယ်။ မြန်မာပြည်မှာကျန်ခဲ့တဲ့ နာဂက လူနည်းစုဖြစ်နေတယ်။ အိန္ဒိယဘက် ပါသွားတဲ့ နာဂက လူအများ စု ဖြစ်နေတယ်။ အဲဒါကို မြန်မာပြည်က လူတွေကို သိစေချင်တယ်။ ကမ္ဘာကိုလည်း သိစေချင်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ နာဂ Land ဘက်ကို သွားလေ့လာတာပါ။သွားတဲ့ အခါ နာဂ Hill ဘက်ရော၊နာဂ Land ဘက် ပါနှစ်ဖက် စလုံးလေ့လာမယ်။ နောက် ဒေါ့ကူမန်ထရီလည်း ရိုက်မယ်”လို့ မတ်လ မှာ သွားရောက် လေ့လာမယ့် အိန္ဒိယ နာဂ Land ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ နာဂ Land ဘက်မှ တစ်နှစ်ကို ဒေါ်လာ ၅သန်း၊ ၅နှစ် စီမံကိန်းနဲ့ ထောက် ပံ့မှုတွေရှိနေပြီဆိုတာ ဂျာနယ်တွေမှာ ဖတ်ရတဲ့အတွက် ဒီထောက်ပံ့မှုနဲ့အတူ နာဂ Hill မှာရှိတဲ့ ကျောင်းတွေ၊ ဆေး ရုံ တွေ၊ လမ်းပန်းဆက်သွယ်မှုတွေ တိုးတက်အောင် လုပ်မယ်လို့ သိရတဲ့ အတွက် တအားကောင်းမွန်ကြောင်း၊ ၅ နှစ်စီမံကိန်းအတွင်းမှာ နာဂ ဒေသ က တအားကိုတိုးတက်လာမယ် လို့ မျှော်လင့်ပါကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။

သတင်း၊ဓာတ်ပုံ-လင်းအက္ခရာ

SHARE THIS
Previous Post
Next Post