အစိုးရတပ်နှင့် KIA တိုက်ပွဲတစ်ခုကြား ရခိုင်အမျိုးသားတစ်ဦး မှိုင်းထိဒဏ်ရာရ


ဇန္န၀ါရီလ ၁၃ ရက်နေ့က ဖားကန့်မြို့အနီး အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေတပ်မတော် KIA တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုတွင် မှိုင်းခွဲတိုက်ခိုက်မှုများဖြစ်ပွားခဲ့သောကြောင့် ၄င်းတိုက်ပွဲဖြစ်ရာအနီးအနားတွင်အလုပ်လုပ်ကိုင်နေသော ရခိုအမျိုးသားတစ်ဦးဖြစ်သူ ကိုဇော်ဌေးကို မှိုင်းထိသွား၍ ကိုယ်အင်္ဂါများချွတ်ယွင်းသွားခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါ ၁၃ ရက်နေ့ ညနေ ၇ နာရီကျော်တွင် မှိုင်းထိသွားသော ကိုဇော်ဌေးမှာ ဒဏ်များပြင်းထန်သောကြောင့် ရန်ကုန်မြို့ အထူးကုဆေးရုံး၌ ဆေးကုသမှုခံယူနေရကြောင်း လူနာအား ကူညီစောင့်ရှောက်ပေးသူ ကိုခိုင်နေမင်းက အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
" အခုသူ့မှာမှိုင်းထိထားတာက ညာဘက်ခြေထောက်မှာ အသားမရှိတော့ဘူး။ အားလုံး အရိုးပဲကျန်ခဲ့ပါတယ်။ အခု အသားတုလိုမျိုး လုပ်ထားပါတယ်။ လက်နှစ်ချောင်းလုံး ပြတ်သွားတယ်။ လုံးဝကြည့် မကောင်းဘူး။ မျက်လုံးနှစ်ဖက်လည်း လုံးဝအခြေအနေမကောင်းပါဘူး။ မျက်လုံးနှစ်ဖက်က ကွယ်ဖို့အခြေအနေဖြစ်နေပါတယ်။ အခု ဦးနှောက်နဲ့အာရုံကြောကို အရေးပေါ်အခြေအနေဆိုပြီး ဆေးကုသမှုကိုခံယူနေရပါတယ်။ သူ့ရဲ့ကျန်းမာရေးအခြေအနေက အရမ်းဆိုးဝါးပြီး စိုးရိမ်ရတဲ့အခြေအနေမျိုးဖြစ်နေပါတယ်။ " ဟု ပြောသည်။
ကိုဇော်ဌေး အသက်(၃၇)နှစ် သည် ကျောက်တော်မြို့နယ် လမ္မတော်ကျေးရွာမှဖြစ်ပြီး ဇနီးမနန္ဒာအေးနှင့် သား(၁၀)အရွယ်နဲ့ သမီး(၁၃)နှစ်ရွယ် မိသားစုဝင်တို့မှာ ရန်ကုန်မြို့ ပြည်တော်သာ၌ လက်ရှိနေထိုင်လျက်ရှိကြောင်း သိရသည်။
မှိုင်းဒဏ်ရာများကြောင့် ကိုဇော်ဌေး ခံစားနေရသည့် ဝေဒနာများကို ပျောက်ကင်းအောင် ဆေးကုသရန် ငွေကြေးမလုံလောက်သဖြင့် အကူညီများလိုအပ်နေကြောင်းကို ဇနီးဖြစ်သူ မနန္ဒာအေးက ပြောသည်။
" ကျမတို့ဟာ အင်မတန်ဆင်းရဲနွမ်းပါးပါတယ်။ ဆင်းရဲလို့လဲ ကျမယောင်္ကျားဟာ အဲဒီဖားကပ်မြို့မှာ အလုပ်သွားလုပ်တာပေါ့။ ဒီလိုမျိုးမှိုင်းထိသွားတယ်ဆိုတော့ ကျမတို့မှာက မိသားစုအတွက်တောင် အနိုင်နိုင် သူ့ကိုဆေးကုသဖို့ဆိုတာက အရမ်းအခက်အခဲရှိပါတယ်။ ဖြစ်သွားတာကလည်း ရိုးရိုးမဟုတ်ပါဘူး။ ကိုယ်လက်အင်္ဂါတွေ မျက်စိပါမကျန် အကုန်လုံး ချွတ်ယွင်းသွားတာဆိုတော့ ကျမတို့မိသားစုအခြေအနေနဲ့ ဘယ်လိုမှမတတ်နိုင်ပါဘူး။ ဒါကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက တစ်စုံတစ်ရာ တာဝန်ယူဆောင်ရွက်ပေးစေချင်ပါတယ်။ အခုဆိုရင် ကျမယောင်္ကျားကို အာရုံကြောနဲ့ပတ်သက်ပြီး ခွဲစိတ်ကုသထားပါတယ်။ " ဟု အာရ်ကန်တိုင်းမ်စ်အား ပြောကြားခဲ့သည်။

၎င်းခွဲစိပ်ကုသမှုကို ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်အကူအညီဖြင့် ခွဲစိပ်ကုသခဲ့သော်လည်း ဒဏ်ရာများပြင်းထန်သောကြောင့် နောက်ထပ်အကူအညီများ အရေးတကြီးလိုအပ်နေသေးကြောင်းကို လူနာအားစောင့်ရှောင့်ပေးသူ ကိုခိုင်နေမင်းနှင့် ကိုဇော်ဌေး ဇနီးတို့က ပြောသည်။
kozawhtay2 kozawhtay
KIA နှင့် အစိုးရတို့ကြား ၁၉ လကျော်ကြာ တိုက်ပွဲများရာကျော်ကာဖြစ်ပွားခဲ့သောကြောင့် ကချင်ဒေသခံများမှာ စစ်ဘေးမှလွတ်ရာကိုထွက်ပြေးတိမ်ရှောင်ကြရဆဲဖြစ်ကြောင်းနှင့် ကချင်ဒေသသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာတိုင်းရင်းသားများမှာ စစ်ပွဲများကြောင့် အလုပ်အဆင်မပြေမှုများကြားထဲမှ ဗုံးပေါက်ကွဲမှုများကြောင့် ဒဏ်ရာရ သေဆုံးသွားသူများ အမြောက်အများရှိပြီး ကျန်ရစ်ခဲ့သည့် မိသားစုဝင်များနဲ့ ဒဏ်ရာရရှိသူများတချို့ကို နိုင်ငံတော်အစိုးရအနေဖြင့် ကူညီစောင့်ရှောက်ပေးမှုများမရှိဘဲ လစ်လျူရှုထားကြောင်း စစ်ပွဲဖြစ်ရာဒေသခံများ၏ ပြောပြချက်များအရ သိရှိရသည်။
 Written by မင်းသွီး 

SHARE THIS
Previous Post
Next Post