KIA ကဖမ်းမိတဲ့ အစိုးရ ကလေးစစ်သားတွေ ကိစ္စ ILO ကြိုးပမ်း



January 25, 2013

KIA ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ က သူတို့စစ်သုံ့ပန်းအဖြစ် ဖမ်းမိထိန်းသိမ်းထားခဲ့တဲ့ မြန်မာအစိုးရ တပ်ဖွဲ့ဝင် ကလေးစစ်သား ၈ ဦး ကို ပြန်လွှတ်ပေးလိုက်ကြောင်းနဲ့ ဒီကိစ္စမှာ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် က အစိုးရနဲ့ KIA အကြား ဆက်သွယ်ဆောင်ရွက်ပေးခဲ့ကြောင်း ရန်ကုန်မြို့ ILO ရုံး၊ ဆက်ဆံရေးအရာရှိ Mr. Steve Marshall က ကြာသပတေးနေ့ မနေ့က ထုတ်ဖေါ်ပြောဆိုပါတယ်။

ဒါ့ပြင် ပြန်လွတ်လာကြတဲ့ ကလေးတွေ ကို မြန်မာစစ်တပ်ကနေ တရားဝင်ထွက်ခွင့်ရဖို့ဆောင်ရွက်နေကြောင်း၊ သူတို့ ဟာ စစ်သုံ့ပန်းအဖြစ် KIA လက်ထဲမှာ ဘယ်လောက်ကြာကြာ ထိန်းသိမ်းခံခဲ့ရသလဲဆိုတာ မသိရသေးကြောင်းလည်း ILO အရာရှိက ပြောပါတယ်။ ဒီအတွင်း နိုင်ငံတော်သမ္မတ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ကလေးစစ်သား စုဆောင်းအသုံး ပြုနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ အစိုးရအနေနဲ့ ပိုင်းဖြတ်ထားပြီးဖြစ်တာကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လက ကုလသမဂ္ဂ နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ကလေးစစ်သားမသုံးစွဲရေး သဘောတူညီချက်ဟာ ဒီပြဿနာ ကို အမြစ်ပြတ်ဖြေရှင်းဖို့ စိတ်အားထက်ထင်သန်သန် နဲ့ ပိုင်းဖြတ်ချက်ချထားတယ်ဆိုတာ ပြသနေပါတယ်လို့ မနေ့ကကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Child Soldiers International ခေါ် နိုင်ငံတကာ ကလေးစစ်သားပပျောက်ရေး အဖွဲ့ ရဲ့ အစီရင်ခံစာထွက်ပေါ်လာပြီးတဲ့နောက် အစိုးရက အခုလို တုံ့ပြန်ပြောကြားလိုက်တာပါ။

အဲဒီ အဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာအစိုးရ နဲ့ ကုလသမဂ္ဂ တို့ကြား ကလေးစစ်သားကိစ္စလက်မှတ်ရေးထိုးအပြီး၊ ကလေးစစ်သား (၄၂) ယောက် ပြန်လွတ်လာခဲ့ကြောင်း၊ တနိုင်ငံလုံးမှာလည်း ကလေးစစ်သားစုဆောင်းမှု ကျဆင်းသွားခဲ့ကြောင်း၊ ဒါပေမဲ့ အနီးကပ်လေ့လာ စောင့်ကြည့်မှုမရှိကြောင်းနဲ့ မြန်မာ စစ်တပ်ဟာ ကလေးစစ်သားတွေကို ဆက်လက်စုဆောင်းနေကြောင်း၊ စုဆောင်းနည်းတွေဟာ လည်း အရင်တုန်းက ပုံစံတွေအတိုင်း အပြောင်းအလဲ မရှိကြောင်း ဖေါ်ပြထားပါတယ်။

RFA

SHARE THIS
Previous Post
Next Post