ပြင်သစ်ခံစစ်မှူး ကာ့တ်ဇူးမားကို မန်ချက် စောင့်ကြည့်နေ

  မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပြင်သစ် လူငယ် ခံစစ်မှူး ကာ့တ်ဇူးမားကို စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း သိရှိရသည်။ အသက်အရွယ် ရလာသည့် အသင်းခေါင်းဆောင် နီမန်ဂျာဗီဒစ်နှင့် ရီယိုဖာဒီနန်တို့ နေရာတွင် အစားထိုးရန်အတွက် အသက် (၁၉)နှစ်အောက် ပြင်သစ် လက်ရွေးစင် ဗဟိုခံစစ် ကစားသမားကို မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က မျက်စိကျနေခြင်း ဖြစ်သည်။ ဖာဂူဆန်သည် လာမည့် ဘောလုံးရာသီကုန် နွေရာသီ ဈေးကွက်တွင် အသင်းအတွက် အပြောင်းအလဲဖြင့် လူအင်အား ဖြည့်တင်းမှုများ ပြုလုပ်ရန် ရည်ရွယ်ထားရာ အသက် (၁၈) နှစ်သာ ရှိသေးသော ဇူးမားသည် အဓိက ပစ်မှတ်တစ်ခု ဖြစ်နေသည်။ စိန့်အက်တနီယန် အသင်းမှ ဇူးမားကို မန်ယူက အလေးအနက် စောင့်ကြည့်နေသလို ပေါ်တူဂီထိပ်သီး ဘင်ဖီကာ အသင်းမှာ အက်ဇ်ကွီရယ်လ် ဂါရေးကိုလည်း လေ့လာမှုများ ပြုလုပ်နေသည်။ အာဂျင်တီးနား လက်ရွေးစင် ဂါရေးအတွက် ဘင်ဖီကာက ပေါင်စတာလင် (၂၅) သန်း ဈေးနှုန်း သတ်မှတ်ထားသော်လည်း ဇူးမားကိုမူ မန်ယူက ပေါင်စတာလင် (၈) သန်း ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ဖွယ် ရှိနေသည်။ မန်ယူသည် လက်ရှိ ဆောင်းရာသီ ဈေးကွက်တွင်မူ ခရစ္စတယ်လ်ပဲလေ့စ် တောင်ပံတိုက်စစ်မှူးလေး ဝီလ်ဖရိုက်ဒ် ဇာဟာအား ခေါ်ယူရေး ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်သည်။ Source: DailyMail

SHARE THIS
Previous Post
Next Post