လေ့ကျင့်မှုဖြင့် အသာယူကာ ပူးပေါင်းမှုဖြင့် အနိုင်ယူမည်

၂ဝ၁၃ ခုနှစ် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲအကြို မြင်းစီး အားကစား ပြိုင်ပွဲ ကျင်းပရာ ဝဏ္ဏသိဒ္ဓိ မြင်းစီး အားကစား ကွင်းသို့ ယနေ့ နံနက်ပိုင်းက ရောက်ဖြစ်ခဲ့သည်။
ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ အပါအဝင်
ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ တို့မှ ပြိုင်ပွဲဝင် အသင်းများ ပါဝင်ကြကြောင်း သိရသည်။ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း တက်ရောက် အားပေးခဲ့သည်။
(၂၇)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံ မြင်းစီး အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင် မောင်နှင့်  နိုင်ငံတကာ မြင်းစီး အားကစား အဖွဲ့ချုပ် FEI ကိုယ်စားလှယ် ပြိုင်ပွဲ နည်းစနစ် ဒါရိုက်တာ Maj Yap  Mou  Soon တို့က နှုတ်ခွန်းဆက် စကားများ အသီးသီး ပြော ကြားပြီး ပြိုင်ပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။ ထို့နောက် မြန်မာနိုင်ငံမြင်းစီး အဖွဲ့ချုပ်မှ မြင်းစီး အားကစား သရုပ်ပြ အဖွဲ့များက သရုပ်ပြ၍ ဖွင့်ပွဲသို့ တက်ရောက် လာသူများအား ဖျော်ဖြေ ကြသည်ကို တွေ့ရသည်။
ဖွင့်ပွဲ အခမ်းအနား အပြီးတွင် မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်အား ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲဝင် နိုင်ငံများရဲ့အခြေအနေ တို့နှင့် ပတ်သက်၍ မေးမြန်းရာ''အာ ဆီယံ နိုင်ငံတွေမှာ မြင်းစီး အဖွဲ့ချုပ် ရှိတဲ့နိုင်ငံ ရှစ်နိုင်ငံ ရှိပါတယ်။ လာအိုနဲ့ ဗီယက်နမ် တို့မှာ မရှိပါဘူး။ ယခုပြိုင်ပွဲမှာ ခြောက် နိုင်ငံမှ ကစားသမားနှင့် နည်းပြ အပါအဝင် အင်အား ၇ဝ ကျော် ပါဝင် ပါတယ်။ သူတို့ လာရောက်ပါဝင် ယှဉ်ပြိုင်တဲ့ ရည်ရွယ်ချက်တွေ ကတော့ ဒီနိုင်ငံမှာ အသစ် ပြုလုပ်ထားတဲ့ ကွင်းနဲ့ မြင်းတွေရဲ့ အနေ အထားကို သိချင်လို့ လာရောက်ယှဉ်ပြိုင် ကြတာ ဖြစ်ပါ တယ်''။
''ယခု ယှဉ်ပြိုင်မည့် ပြိုင်ပွဲ အမျိုးအစားများနှင့် ပတ်သက်ပြီး မြင်းစီး အားကစား နည်းမှာ နည်းလမ်းနှစ်မျိုး ရှိပါတယ်။ တစ်မျိုးက သူတို့မြင်းနဲ့ သူတို့ ယှဉ်ပြိုင်တဲ့ နည်းနဲ့ နောက်တစ်နည်းက အိမ်ရှင် နိုင်ငံက ပြိုင်ပွဲဝင် မြင်းတွေကို ထုတ်ပေးတဲ့ နည်းတွေ ဖြစ်ပါတယ်။ ယခု ကျင်းပမယ့် စနစ်ကတော့ သူတို့စီးမယ့် မြင်းတွေ အားလုံးကို အိမ်ရှင်နိုင်ငံက ထုတ်ပေးတဲ့ စနစ်ပါ။  ပြိုင်ပွဲတွေ ကတော့ တာဝေးစီး ပြိုင်ပွဲ (Endurance)၊ တန်းခုန်ပြိုင်ပွဲ (Jamping)နှင့် မြင်းအလှစီး ပြိုင်ပွဲ (Dr- essage) တို့ဖြစ်ပြီး ပြိုင်ပွဲ တစ်ခုလျှင် တစ်ဦးချင်းနဲ့ အသင်းလိုက် ဆိုတော့ ခြောက်မျိုး ယှဉ်ပြိုင် ရမှာပါ''ဟု ရှင်းပြသည်။
ဆက်လက်ပြီး SEA Games ပြိုင်ပွဲအတွက် အဖွဲ့ချုပ် အနေနဲ့ ကြိုတင်ပြင်ဆင် ထားမှုကိုလည်း မေးမြန်းရာ ''ယခု ပြိုင်ပွဲအတွက် ပထမဆုံး မြင်းတွေ ရှာရတယ်။ ကိုယ့်နိုင်ငံ အတွက်ပါမက အခြား ပြိုင်ပွဲဝင် နိုင်ငံတွေ အတွက်ပါ အရည်အချင်း ရှိတဲ့ မြင်းတွေကို ရှာရတယ်။ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလက စပြီး  မြင်း အကောင် ၅ဝ ကျော် ၆ဝ လောက်နဲ့ အားကစား သမားများ ပူးတွဲပြီး ပုဂံေ ညာင်ဦး မြင်းစီးကွင်းမှာ လေ့ကျင့်ခဲ့တာ ခြောက်လလောက် ရှိပါပြီ။ မြင်းစီး အားကစားသမား တွေနဲ့ မြင်းတွေရဲ့အခြေအနေ ကတော့ အတော်လေး တိုးတက်လာတာ တွေ့ရပါတယ်။ အခု အခြေ အနေ ပြောရရင် ၇ဝ ရာခိုင်နှုန်း လောက်တော့ သေချာ နေပါပြီ။ ယခု ပွဲမှာရော SEA Games မှာပါ နိုင်ငံ့ ဂုဏ်ဆောင်နိုင်အောင် ဆက်လက် ဖြည့်ဆည်း ပေးသွားမှာပါ''ဟု ပြောကြားသည်။
(၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲအတွက် အားကစားနည်း အလိုက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် လျက်ရှိကြရာ မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ်သည်လည်း အဘက်ဘက်မှ ကြိုတင် ပြင်ဆင် မှုများနှင့် အတူ ယခု ကျင်းပသည့် ပြိုင်ပွဲ အတွေ့အကြုံ ကောင်းမှသည် နိုင်ငံ့ဂုဏ်ကို မြှင့် တင်နိုင်မည့် ရလဒ် ကောင်းများကို ဆောင်ကြဉ်း ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ရေးသား လိုက်ရပါ သည်။
From : မြ၀တီ

SHARE THIS
Previous Post
Next Post