ပန်ကာနှစ်လုံးတပ် အဆိုပါ လေယာဉ်သည် နိုင်ငံ အရှေ့ပိုင်းရှိ အဓိက အချက်အချာ
မြို့တစ်ခုဖြစ်သော ဂိုမာတွင် ဆင်းသက်ရန် ကြိုးစားရင်း ကြမ္မာဆိုး
ကြုံသွားခြင်းဟု ဒေသခံ သတင်းများက ဖော်ပြခဲ့သည်။
Fokker 50 အမျိုးအစား လေယာဉ်ပေါ်တွင် လူပေါင်း မည်မျှ လိုက်ပါလာသည်ကိုမူ
တိတိကျကျ မသိရသေးချေ။ လေယာဉ်သည် ဂိုမာမြို့ အနောက်ဘက် မိုင်ပေါင်း
(၄၄၀)အကွာရှိ ကာဆိုင်-အော်ရီယန်တယ်လ် ဒေသမှ ပျံသန်းလာခြင်း ဖြစ်သည်။

အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အဆိုပါ လေယာဉ်သည် အခြား
ကုန်စည်များကိုလည်း တင်ဆောင်လာကြောင်းနှင့် လေယာဉ်တွင် ဝင်ဆံ့သည့်
လူ(၅၀)စလုံး အပြည့်အဝ လိုက်ပါလာခြင်း မရှိဟု ပြောကြားခဲ့သည်။ လေယာဉ်ကို
ပိုင်ဆိုင်သည့် ပြည်တွင်း လေကြောင်းလိုင်း CAAကမူ ယင်းကိစ္စကို တစ်စုံတစ်ရာ
မှတ်ချက် မပေးထားချေ။ ဂိုမာတွင် လေယာဉ်ပျက်ကျမှုများ မကြာခဏ ဖြစ်လေ့ရှိပြီး
(၂၀၀၂)ခုနှစ်က မီးတောင် ပေါက်ကွဲမှု နောက်ပိုင်း လေယာဉ်ပြေးလမ်းကို အပြည့်အဝ
ပြန်လည် ပြင်ဆင်မှု မပြုလုပ်ခြင်းက အဓိက ပြဿနာ တစ်ရပ်ဟု သိရသည်။
လက်ရှိတွင် လေယာဉ်ပျက်ကျမှု အသေအပျောက်နှင့် ပတ်သက်ပြီး အမျိုးမျိုး
ကွဲပြားစွာ ဖော်ပြနေဆဲ ဖြစ်သည်။ အချို့ သတင်းများက လေယာဉ်ပေါ်တွင် လူ(၄၀)
လိုက်ပါလာကြောင်း ဆိုသည်။ CNNနှင့် Reutersတို့က သေဆုံးသူ အရေအတွက်ကို
(၉)ဦးဟု ဖော်ပြနေပြီး APသတင်းဌာနက (၃၆)ဦးဟု ရေးသားခဲ့သည်။ အစိုးရ
ပြောရေးဆိုခွင့်ရ အရာရှိ လမ်းဘတ် မန်ဒီက "လောလောဆယ်တော့ (၉)ယောက်
သေသွားတာကို ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။ ခရီးသည်တွေရော၊
အမှုထမ်းတွေလည်း ပါတယ်။ မြေပြင်ပေါ်မှာ ရှိနေတဲ့သူတွေ သေကြေကြတာတော့ မရှိဘူး။
လေယာဉ်က လူမရှိတဲ့ နေရာကို ပျက်ကျခဲ့တာပါ။ မိုးရွာနေတာကြောင့် လူတွေ
အပြင်ထွက်မနေတာက အဆိုးထဲက အကောင်းပါပဲ"ဟု ပြောကြားသွားသည်။
( Planet Myanmar Network )