ငွေစက္ကူအတုများနှင့် ပတ်သက်၍ နိုင်ငံတော်ဗဟိုဘဏ်က အများပြည်သူ လွယ်ကူစွာ
သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာပေးသင့်ကြောင်း
စီးပွားရေးပညာရှင်များက ပြောကြားသည်။ ပြည်တွင်း လှည့်လည် သုံးစွဲနေသည့်
ငွေကြေးများတွင် ကျပ်တစ်ထောင်နှင့် ကျပ်ငါးထောင်တန် ငွေစက္ကူအတုများ ရောနှော
ပါဝင်နေသည့်အတွက် အတုအစစ် ခွဲခြားသည့်ပုံစံကို အစိုးရဘဏ်များ၊
ပုဂ္ဂလိကဘဏ်များ၊ ဂျာနယ်၊ သတင်းစာများ၊ တီဗီ၊ ရေဒီယိုတို့မှ
ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ကြေညာပေးသင့်ကြောင်း ပညာရှင်များက ရှင်းပြသည်။
“ဘဏ်တွေမှာ ငွေစက္ကူအစစ်ရဲ့ စက္ကူသားအခြေအနေ၊ အရောင်၊ လျှို့ဝှက်ပါဝင်မှုကို
ငွေစက္ကူ အတုနဲ့ ဘယ်လိုကွာတယ်ဆိုတာ စာတွေကပ်ပြီး သတိပေးမှုတွေ လုပ်သင့်တယ်”
ဟု စီးပွားရေး ပညာရှင် ဦးလှမောင်က ဆိုသည်။ ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉
ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ ထုတ်လုပ်ခဲ့ပြီး လက်ရှိအချိန်ထိ
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ကျပ် ၂,၈၀၀ ဘီလီယံကျော်
ထုတ်လုပ်ထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ
လင်းအောင်က ပြည်သူ့လွှတ်တော် တွင်
ပြောကြားခဲ့သည်။ ငါးထောင်ကျပ်တန် အတုမှာ စတင်ထုတ်ချိန်မှ ယခုနှစ် ဇန်နဝါရီလ
အထိ ငွေစက္ကူ အရွက်ရေ သုံးထောင်ကျော် တန်ဖိုးကျပ် သိန်းတစ်ရာ့ ရှစ်ဆယ်ကျော်
ရှိကြောင်း သိရသည်။ “ယူအက်စ်မှာဆို ဒေါ်လာအတုနဲ့ ပတ်သက်ရင် ပန်းဖလက်တွေနဲ့
ဖြန့်ပြီး ပြည်သူကို အသိပေးတယ်” ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ-၂ ဦးသန်းလွင်က
ဆိုသည်။ ပြည်တွင်း၌ ချက်လက်မှတ်သုံးစွဲမှု အားနည်းခြင်း၊ Credit ကတ်၊ Debit
ကတ်တို့ကို သုံးစွဲမှု အားနည်းခြင်းကလည်း ငွေစက္ကူအတုများ ဖြစ်ပေါ်လာမှုကို
အားပေးကြောင်း ပညာရှင်များက ဆိုသည်။ အရောင်းအဝယ် ပြုလုပ်ရာတွင်
ငွေပေးချေရာ၌ ငွေစက္ကူများသာ အဓိက သုံးစွဲနေမှုကလည်း ငွေအတု ပြုလုပ်မှုကို
အားပေးရာ ရောက်နေသလို ဖြစ်နေသည်။ သိန်းရာထောင်ချီ အရောင်းအဝယ် လုပ်နေသည့်
စီးပွားရေး လုပ်ငန်းများတွင် ငွေပေး၊ ငွေယူ ကိစ္စများ၌ ယုံကြည်မှုကို အဓိကထား
လုပ်ကိုင်နေသည့်အတွက် ရေတွက်နိုင်ခြင်း မရှိသဖြင့် အတုပါသည်။ မပါသည်ကို
သိရှိရန် ခက်ခဲကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက
ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့ထုတ် 7 Day News
ဂျာနယ်တွင်ဖော်ပြထားပါသည်။
ခေတ်လူငယ်
ခေတ်လူငယ်
