အကယ်၍သာ ဖာဂူဆန် မန်ယူအသင်းမှ အနားယူခဲ့ပါက ဆိုသော အချက်သည်
မေးခွန်းထုတ်စရာ အခြေအနေ တစ်ခု ဖြစ်နေသည့်တိုင် ဖာဂူဆန်က မိမိသည် မန်နေဂျာ
ရာထူးမှ နားလျှင်လည်း အသင်းတွင်ပင် ဆက်ရှိနေနိုင်ကြောင်း
မှတ်ချက်ပြုခဲ့သည်။

အကယ်၍
မန်ချက်စတာ ယူနိုက်တက်အသင်း မန်နေဂျာ ရာထူးမှ အနားယူဖြစ်သည် ဆိုပါကလည်း
အသင်း၏ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးအဖြစ် ဆက်ရှိနေလိုကြောင်း ဆာအဲလက်စ်
ဖာဂူဆန်က ပြောကြားခဲ့သည်။ အသက်(၇၁)နှစ် ရှိပြီဖြစ်သော စကော့တလန်သားကြီးသည်
မန်ယူကို (၂၆)နှစ်ကျော် ကြာမြင့်အောင် ဦးဆောင်ကာ ဆုဖလားပေါင်း (၃၇)လုံး
ရယူပေးခဲ့ပြီး ဖြစ်သည်။ အကယ်၍သာ ဖာဂူဆန် မန်ယူအသင်းမှ အနားယူခဲ့ပါက ဆိုသော
အချက်သည် မေးခွန်းထုတ်စရာ အခြေအနေ တစ်ခု ဖြစ်နေသည့်တိုင် ဖာဂူဆန်က မိမိသည်
မန်နေဂျာ ရာထူးမှ နားလျှင်လည်း အသင်းတွင်ပင် ဆက်ရှိနေနိုင်ကြောင်း
မှတ်ချက်ပြုခဲ့သည်။
ဖာဂူဆန်က "လက်ရှိ မန်နေဂျာ ရာထူးက နားလိုက်ရင်လည်း အသင်းနဲ့
ဖယ်ခွာသွားတာမျိုး မဖြစ်နိုင်ပါဘူး။ ကျွန်တော် ဒါရိုက်တာ ရာထူး တစ်နေရာကနေ
အလုပ်ဆက်လုပ်ဖို့ ဖြစ်နိုင်တယ်လေ"ဟု ဆိုသည်။ ၎င်းက မိမိနေရာတွင် အစားထိုးမည့်
ကိစ္စကို မန်ယူအသင်းက မလုပ်နိုင်စရာ အကြောင်း မရှိဟု ပြောကြားသွားသည်။
"မဖြစ်နိုင်တဲ့ Mission တစ်ခုမှ မဟုတ်တာ။ မန်ယူဟာ တိကျခိုင်မာတဲ့
ဖွဲ့စည်းမှုတွေနဲ့ တည်ဆောက်ထားတဲ့ အသင်းတစ်ခုပါ။ သူတို့ ဖြစ်အောင်
လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်သူဘယ်ဝါကို ခန့်အပ်မလဲ ဆိုတာတော့ ကျွန်တော်လည်း
မပြောတတ်ဘူးလေ။ ဒါကတော့ အသင်းရဲ့ ရွေးချယ်မှုပဲ ဖြစ်လိမ့်မယ်"ဟု ဖာဂူဆန်က
မှတ်ချက်ပြုခဲ့သည်။
၎င်းက မန်ယူတွင် မိမိနေရာကို ဆက်ခံသူသည် ကိုယ်ပိုင် အတွေးအမြင်နှင့်
ချီတက်ရန် လိုကြောင်းလည်း ထောက်ပြခဲ့သည်။ "ကျွန်တော့် ပုံစံကို လိုက်တုရင်
အကြီးကြီး မှားသွားပါလိမ့်မယ်။ ဘောလုံးမှာ မန်နေဂျာ တစ်ယောက်ဟာ ကိုယ်ပိုင်
အတွေးအမြင် ရှိရပါမယ်။ မန်နေဂျာရဲ့ အတွေးအမြင်ဟာ ကလပ်ရဲ့ အတွေးအမြင်
ဖြစ်လာမှာပါ။ မန်ယူကို ဘယ်သူ တာဝန်ယူယူ ကိုယ်ဘယ်သူလဲ ဆိုတာကိုတော့
မမေ့လိုက်ဖို့ သိပ်အရေးကြီးပါတယ်"ဟု ဖာဂူဆန်က ပြောဆိုသွားသည်။
၎င်းက မန်ယူတွင် နှစ်ရှည်လများ ဦးဆောင်ခဲ့သည့် မိမိ၏ နေရာကို
အခြားတစ်ဦးနှင့် အစားထိုးရန် ကိစ္စမှာ မဖြစ်နိုင်လောက်အောင် ခက်ခဲသော
အနေအထား မဟုတ်ဟုလည်း သုံးသပ်ခဲ့သည်။ "လက်ရှိ အသင်းရဲ့ ဖွဲ့စည်းမှု အခြေအနေအရ
ဒီကိစ္စဟာ မဖြစ်နိုင်လောက်အောင် ခက်ခဲတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ လုပ်လို့
မရတဲ့ ကိစ္စလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော့် နေရာမှာ ဘယ်သူ့ကို အစားထိုး
ခန့်အပ်ဖြစ်မယ် ဆိုတာမျိုးတော့ ကျွန်တော့်ကို မမေးပါနဲ့။ ဒါဟာ ကလပ်အသင်းက
ဆုံးဖြတ်ရမယ့် ကိစ္စပဲ ဖြစ်ပါတယ်"ဟုလည်း ဖာဂူဆန်က ပြောကြားသွားသည်။
SHARE THIS