ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတ္တုစမ်းသပ်
တိုင်းတာ ဆောင်ရွက်မည့် လုပ်ငန်းများကို ဝန်ကြီးဌာနက
ကူညီဆောင်ရွက်ပေးသွားမည်ဟု သတ္တုတွင်း ဝန်ကြီးက ဆိုသည်။
“ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောတွေအတွင်း သတ္တုစမ်းသပ် တိုင်းတာ
ဆောင်ရွက်မည့် လုပ်ငန်းတွေအပေါ် သတ်မှတ် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ သဘာဝပတ် ဝန်းကျင် ထိခိုက်မှု လျှော့နည်း သက်သာစေမည့် နည်းလမ်းများဖြင့် ကူညီိဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်အောင် က ပြောကြားသည်။
ဝန်ကြီးဌာနအနေဖြင့် ဓါတ်သတ္တု ရှာဖွေစမ်းသပ်တိုင်းတာခွင့်၊ ထုတ်လုပ်ခွင့်များကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရ၏ သဘောထားမှတ်ချက်များ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှုး၊ သစ်တော မြေစာရင်း ဒေသခံ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှုး အပါအဝင် ၁၅ ဦးတို့၏ ထောက်ခံချက်များ ပြည့်စုံစွာ ပါရှိလာပြီး ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ချထားပေးထားသော လုပ်ကွက်ဧရိယာများနှင့် ကင်းလွတ်ပါက သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အနိမ့်ဆုံးဖြစ်သည့် ချင်းပြည်နယ်တွင် “နီကယ်သတ္တုကြောတွေ၊ ခရိုမိုက် သတ္တုကြောတွေနဲ့
ကြေးနီ သတ္တုကြောတွေ ရှိနေပါတယ်။ ကျောက်မီးသွေးနဲ့ ထုံးကျောက်ကြောတွေလည်း ရှိနေတယ်။ ထုံးကျောက်က ထုံးပါဝင်မှု ၅၀ % ကျော်တဲ့အတွက် ဘိလပ်မြေ ထုတ်လုပ်နိုင်ပါတယ်။ ကျောက်မီးသွေးတွင်းတွေကလည်း အဆင်သင့် ရှိနေတော့ ဘိလပ်မြေထုတ်ဖို့ ပိုပြီး အဆင်ပြေနိုင်တယ်။ အထူးသဖြင့် လက်ယက်တွင်းတိမ် ရေနံကြောတွေ အများ အပြားလည်း ရှိနေတယ်။ အဲဒီ ရေနံတွင်းတွေကို ဒေသခံတွေ လုပ်ကိုင်ခွင့် ပေးမယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးလာနိုင် ပါတယ်။ ဒေသခံတွေအနေနဲ့ သတ္တုကြောတွေကို တူးလည်း တူး၊ တဖက်ကလည်း သစ်တောစိုက်ခင်းတွေကို စနစ်တကျပျိုးထောင်၊ သြစတြေးလျလို စံပြ သတ္တုတူးဖေါ်တဲ့ လုပ်ငန်းတွေ ထူထောင်ထားတာမျိုးကို နမူနာယူ လုပ်ကိုင်သင့်ပါတယ်” ဟု ဘူမိဗေဒ ပညာရှင် ဦးစိုးသိန်း က မဇ္ဈိမကို ပြောဆိုသည်။
Credit to >> မဇ္ဈိမ