ရခိုင်ပြည်နယ် အတွင်း ဒေသ
ဖွံ့ဖြိုးရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို မတ် ၁ ရက်မှ ၃
ရက်အထိ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး
သက်နိုင်ဝင်းနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် တို့သည်
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်နှင့်
တာဝန်ရှိ သူများနှင့်အတူ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် မတ် ၁
ရက် နံနက်ပိုင်းက မောင်တော ခရိုင် အုပ်ချုပ်ရေး မှူးရုံး၌ ဌာနဆိုင်ရာ
များနှင့် တွေ့ဆုံပြီး နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်
ကွပ်ကဲရေးမှူး၏ နယ်မြေ အခြေအနေ ရှင်း လင်း တင်ပြမှုများ အပေါ် ပြည်ထောင်စု
ဝန်ကြီးက နယ်မြေဒေသ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသ ဖွံ့ဖြိုးတိုး
တက်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ဌာနဆိုင်ရာများ အနေဖြင့် တာဝန်ကျရာ
အပိုင်း မှ စေတနာဖြင့် နိုင်ငံ့ ဝန်ထမ်း ပီပီ အဂတိ တရား (၄)ပါး ရှောင်ရှား၍
ရိုးရိုး သားသားနှင့် ကြိုးကြိုးစားစား ဆောင် ရွက်ရန် မှာကြားခဲ့သည်။
ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် မတ် ၂
ရက်က ကျောက်တော်မြို့နယ် အတွင်းရှိ တောင်ဘွေ ကျေးရွာ၌ ကျေးရွာသူ၊
ကျေးရွာသား များနှင့် လည်းကောင်း၊ မြောက်ဦးမြို့နယ် အတွင်းရှိ
ပုရိန်ဒုက္ခသည် စခန်းနှင့် ယိုင်သည် ဒုက္ခသည် စခန်းသို့ ရောက်ရှိပြီး
ကျေးရွာသူ၊ ကျေးရွာ သားများနှင့် လည်းကောင်း တွေ့ဆုံ၍ နေထိုင် စားသောက်မှု
အခြေအနေ၊ အသက်မွေး ဝမ်းကျောင်းမှု အခြေအနေနှင့် အခက်အခဲ များကို မေးမြန်း၍
ဆောင်ရွက်ပေးမည့် အစီအမံ များကို သက်ဆိုင်ရာ တာဝန်ရှိသူ များက ရှင်းလင်း
ပြောကြားပြီး ထောက်ပံ့ ပစ္စည်းများ ပေးအပ်ကာ ဒေသ ဖွံ့ဖြိုးရေး အတွက်
လိုအပ်လျက် ရှိသော ချောင်းကူးတံတား ဆောက်လုပ်ရေး အတွက် ထောက်ပံ့ငွေ
ကျပ်သိန်း ၃ဝကို ကျေးရွာ လူကြီးများထံ ပေးအပ် ခဲ့သည်။ ယင်းနောက်
မြောက်ဦးမြို့အတွင်း လှည့်လည် ကြည့်ရှုပြီး မြောက်ဦးမြို့နယ် စည်ပင်
သာယာရေး အဖွဲ့ရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဆက်လက်၍ မင်းပြားမြို့နယ် သေကံကျေးရွာ၌
လာရောက် ခိုလှုံနေသော ဆတ်ရုံမော် ကျေးရွာနေ တိုင်းရင်းသား မိသားစု ၃၁
စုနှင့် လည်းကောင်း၊ စမ္ဘလေ ဒုက္ခသည် စခန်း၌ ဒုက္ခသည် များနှင့်လည်းကောင်း
တွေ့ဆုံအားပေး စကား ပြောကြားပြီး ထောက်ပံ့ပစ္စည်း များ ပေးအပ်ခဲ့သည်။
ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် မတ် ၃
ရက်က မြေပုံမြို့ရှိ ဒုက္ခသည် စခန်းနှစ်ခုသို့ ရောက်ရှိပြီး ဒုက္ခသည် များအား
ထောက်ပံ့ ပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် မြေပုံမြို့နယ်
အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
မြို့မိမြို့ဖ များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးမှု နောက်ကျ မကျန်စေရေး အတွက်
ကြိုးပမ်းဆောင် ရွက်လျက်ရှိပြီး အကောင်းဆုံး နည်းလမ်းဖြင့်
ဆောင်ရွက်နိုင်ရေး အကြံပြုချက်များ ရယူ လိုကြောင်း ပြောကြားသည်။
ယင်းနောက် တင်ပြချက်များ အပေါ် ပြည်ထောင်စု
ဝန်ကြီးက ဒေသဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း၍ ဌာန ဆိုင်ရာများ၏ အခန်းကဏ္ဍ
အရေးကြီးပုံ၊ ဝန်ကြီးဌာနနှင့် ပြည်နယ် အစိုးရက ပေးအပ်သော တာဝန်များကို
ပြည်သူလူထု အကျိုး အတွက် စိတ်ထား ဖြူစင်စွာဖြင့် စွမ်း ဆောင် ပေးနိုင်သည့်
ဝန်ထမ်းကောင်းများ ဖြစ်စေလိုကြောင်း ရှင်းလင်း မှာကြားခဲ့သည်။
ယင်းနောက် ပေါက်တောမြို့နယ် အတွင်းရှိ
ကြိမ်နီပြင် ဒုက္ခသည် စခန်းသို့ သွားရောက်ပြီး ဒုက္ခသည် စခန်းတွင်
ရောက်ရှိနေသော ကြိမ်နီပြင်၊ ကွမ်းသီးပတ်၊ ဆူလီဖက်ရန်၊ မင်းသားဖ ရွာများမှ
ဒုက္ခသည် များနှင့် တွေ့ဆုံ၍ နေထိုင် စားသောက်မှု အခြေအနေနှင့် ကျန်းမာရေး
အခြေအနေ၊ အသက်မွေး ဝမ်းကျောင်းမှု ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းနှင့်
လိုအပ်ချက် တို့ကို မေးမြန်း၍ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့သည်။
ညနေ ၄ နာရီတွင် စစ်တွေမြို့ ပြည်နယ်
အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကုလသမဂ္ဂနှင့် နိုင်ငံတကာ
အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အလှူရှင် နိုင်ငံများမှ
ကိုယ်စားလှယ် များနှင့် တွေ့ဆုံ၍ ပြည်ထောင်စု ဝန်ကြီးက ရခိုင်ပြည်နယ်
အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးမှု အခြေအနေ များအရ လူသားချင်း စာနာထောက်ထားမှု
အကူအညီ များကို ဆောင်ရွက် ပေးနိုင်မည့် အစီအမံနှင့် ပြည်ထောင်စုနှင့်
ပြည်နယ် အစိုးရတို့က ပံ့ပိုး ကူညီ ဆောင်ရွက်ပေးရမည့် အပိုင်းတို့ကို
ဆွေးနွေး ပေးကြရန် မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။မြဝတီ