အာဆင်နယ်ဖန်တို့ရဲ့အနာကို ဆားပက်ပေးခဲ့တဲ့ အီဗရာ


ရော်ဘင် ဗန်ပါစီကြောင့် နာကျင်နေဆဲ အာဆင်နယ်အသင်း ပရိသတ်များရဲ့ ဒဏ်ရာအပေါ် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ အီဗရာက ဆားနဲ့ထပ်မံ ပက်ခဲ့တယ်လို့ ယူကေရှိ သတင်းစာတွေက ရေးသားခဲ့ကြပါတယ်။
မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွေ့လာခဲ့တဲ့ အာဆင်နယ် သူရဲကောင်းဟောင်းဟာ ယခုအချိန်မှာတော့ အမ်းမရိတ်ရှိ သူ့ပရိသတ်ဟောင်းများရဲ့ နံပါတ်တစ် ရန်သူတော် ဖြစ်နေပါတယ်။ အမ်းမရိတ်မှာ ရှစ်နှစ်ကြာ ကျင်လည်ခဲ့တဲ့ ဒီဒတ်ခ်ျတိုက်စစ်မှူးဟာ အောင်မြင်မှုများကို ဆာလောင်နေသည့် ပြင်းပြသည့် စိတ်ဓါတ်ဖြင့် အင်္ဂလန်၏ အအောင်မြင်ဆုံး အသင်းကြီးဆီကို ယခုနှစ် ရာသီအစတွင် ပြောင်းရွေ့ရောက်ရှိ လာခဲ့တာဖြစ်ပါတယ်။ ထိုသို့ပြောင်းရွေ့ခဲ့ပြီး အသင်းသစ်အား စံချိန်တင် ချန်ပီယံဖြစ်စေရန် စိတ်ရောကိုယ်ပါ နှစ်မြုပ်ကူညီခဲ့ခြင်း၊ ပရိုဖက်ရှင်နယ် ပီသသည့် စိတ်ဓါတ်ဖြင့် ထူးထူးချွန်ချွန် ကြိုးစားအားထုတ်မှုများကြောင့် သရဲနီ အသင်းသားများသာမက ပရိသတ်များ၏ ချစ်ခင်လေးစားမှုကို ခံယူခဲ့နိုင်ပါတယ်။ အဆိုပါဖြစ်ရပ်ဟာ အသင်းဟောင်း ပရိသတ်များအတွက် စိတ်ပျက်နာကျင်ဖွယ်ရာ ဖြစ်ခဲ့ရပြီး ၎င်းတို့ဟာ ဗန်ပါစီနှင့် ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်စလုံးတွင် အဆက်မပြတ် အော်ဟစ်ရှုံချခဲ့ကြပါတယ်။ ဒါကြောင့် ပက်ထရစ် အီဗရာက အာဆင်နယ် ပရိသတ်များအနေဖြင့် မိမိတို့၏ ကစားသမားဟောင်းအပေါ် လေးစားမှု ပြသသင့်ကြောင်း တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်အတွက် သူဘာတွေ လုပ်ပေးခဲ့တယ်ဆိုတာ လူတွေက မေ့နေကြပုံပဲ။ ဒါပေမယ့် ဗန်ပါစီဟာ သူရွေးချယ်ခဲ့တာဟာ မမှားခဲ့ဘူးဆိုတာ သူတို့ကို ပြသနိုင်ခဲ့ပါပြီ။ သူအဲ့ဒီမှာ ရှိနေတဲ့ ကာလမှာ အမှတ်ပေးဖလားကို ရယူဖို့ အချိန်အကြာကြီး ဖြုန်းတီးခဲ့ရပါတယ်။ အခုသူ ဒီကိုပြောင်းရွေ့လာပြီးတော့ အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ခဲ့တယ်။ အာဆင်နယ်အတွက် အများကြီး ကူညီပေးခဲ့တဲ့ လူတစ်ယောက် ပြန်လည်ရရှိတဲ့ ဝေဖန်မှုတွေ အတွက် ကျွန်တော်တော့ စိတ်ပျက်မိပါတယ်။ သူ့ရဲ့ ခံယူချက်ကတော့ အရမ်းကောင်းမွန်တယ်လို့ ကျွန်တော်တော့ထင်တယ်။ သူကန်သွင်းခဲ့တဲ့ ပင်နယ်တီကို ကြည့်ပါ။ ကမ္ဘာ့အဆင့် ကစားသမား ဆိုတာ ဘယ်လိုလည်းဆိုတာ သူကောင်းကောင်း ပြသွားနိုင်ခဲ့တယ် မဟုတ်လား။ သူဟာ သူ့ရဲ့ ခံစားမှုတွေကို ထိန်းချုပ်ပြီး ပင်နယ်တီကို ကန်သွင်းနိုင်ခဲ့တယ်။ သူ့အစား ကျွန်တော်ပျော်ရွှင်မိတယ်။”

Myanmar Manchester United

SHARE THIS
Previous Post
Next Post