ချယ်လ်ဆီးအသင်းခြေစွမ်းအား အက်ဆီယန် မှတ်ချက်ပြုပြောကြား

စပ်ကူးမတ်ကူး ကာလကို ဖြတ်သန်းနေသည့်တိုင် ချယ်လ်ဆီးသည် အဓိက ဆုဖလားများကို စိန်ခေါ်နိုင်ဆဲ အသင်းတစ်ခုဟု မိုက်ကယ် အက်ဆီယန်က ပြောကြားလိုက်သည်။ စပိန်ချန်ပီယံ ရီးယဲလ်မက်ဒရစ်တွင် အငှားလာရောက် ကစားနေသည့် ဂါနာ လက်ရွေးစင် ကွင်းလယ် ကစားသမားက မိမိ၏ မိခင်ကလပ်သည် ယခုရာသီ ဆုဖလားများကို ရယူနိုင်မည်ဟု ထောက်ခံခဲ့သည်။ ချယ်လ်ဆီးသည် ပုံစံသစ်ဖြင့် ဖွဲ့စည်းနေသလို မန်နေဂျာ အပြောင်းအလဲ မတည်ငြိမ်သေးသော်လည်း ယူရိုပါလိဂ်တွင် ကွာတားဖိုင်နယ်၊ FAဖလားတွင် အကြိုဗိုလ်လုပွဲ အဆင့်များသို့ အသီးသီး တက်ရောက်လာခဲ့သည်။ ယာယီမန်နေဂျာအဖြစ် အသင်းကို တာဝန်ယူထားသူ ရာဖာဘင်နီတက်ဇ်သည် အမှတ်ပေးပွဲတွင် ရလဒ်အကောင်းဆုံး မဖြစ်နိုင်သည့်တိုင် ရှုံးထွက်ဖလား ပြိုင်ပွဲများတွင် အကောင်းဆုံး ဖြတ်သန်းပြနေဆဲ ဖြစ်သည်။



အက်ဆီယန်က "ချယ်လ်ဆီးဟာ လတ်တလောမှာ အပြောင်းအလဲတွေနဲ့ စပ်ကူးမတ်ကူး ကာလတစ်ခုကို ဖြတ်သန်းနေဆဲပါ။ ဒါပေမဲ့ သူတို့အနေနဲ့ ဆုဖလားတွေ ရယူနိုင်မယ့် အစွမ်းအစတွေ ရှိနေဆဲ ဖြစ်ပါတယ်။ လူတွေ အနေနဲ့ သူတို့ကို ချန်ပီယံလောင်း စာရင်းကနေ ဖယ်ထုတ်ဖို့ မဖြစ်နိုင်ပါဘူး"ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက "အသင်းနဲ့ ဝေးနေပေမယ့် ကျွန်တော် တစ်ရာသီလုံး ချယ်လ်ဆီးကို မျက်ခြေပြတ်မခံ စောင့်ကြည့်ခဲ့တာပါ။ ရာသီအစက အသင်းရဲ့ စီမံကိန်းတွေ ကောင်းခဲ့ပေမယ့် အကူးအပြောင်းကာလ တစ်ခုဆိုတာ မမေ့သင့်ပါဘူး။ အသင်းမှာ ကစားသမားဟောင်း တော်တော်များများ မရှိဘဲ အသစ်တွေ တိုးပွားလာတယ်။ ဒါပေမဲ့ သိပ်မကြာခင် အသင်းဟာ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိပြီး ကျစ်လစ်လာမယ်ဆိုတာ ယုံကြည်ပါတယ်"ဟုလည်း ပြောဆိုသွားသည်။

Source: Goal

SHARE THIS
Previous Post
Next Post