မိုးရွာသွန်းခြင်းကြောင့် နာဂစ်ဒေသ ဆားထုတ်လုပ်ငန်းသိမ်းပြီ၊ ဆားထုတ်သူများ ယခုနှစ်တွင် ၀ယ်သူမရှိ ဈေးကျပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်

နာဂစ်ဒေသတွင် မေ ၁၂ ရက်မှစ၍ မိုးဆက်တိုက် ရွာသွန်းခြင်း၊ မဟာစင် ဆိုင်ကလုန်းမုန်တိုင်း ရှိခြင်းကြောင့် ယခုနှစ် ဆားထုတ်လုပ်နေမှု လုပ်ငန်းများအား အပြီးသတ် သိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

မေ ၁၂ ရက် ညနှင့် မေ ၁၃ ရက် ညပိုင်းများတွင် နာဂစ်ဒေသ၌ မိုးရွာသွန်းခဲ့သည့်အတွက် ဆားလုပ်ငန်းများအား အပြီးသတ် သိမ်းဆည်းနေကြသည်။ မေလဆန်းပိုင်း ကတည်းက ကွက်ကျားရွာသွန်းသည့် မိုးကြောင့် ဆားထုတ်လုပ်ငန်းအချို့ ရပ်ဆိုင်းခဲ့ပြီး ယခုရက်ပိုင်းအတွင်း၌ အပြီးသတ် ရပ်ဆိုင်းရခြင်းဟု သိရသည်။

နှစ်စဉ်ဆားထုတ်လုပ်ငန်း အနေဖြင့် မေ ၂၀ ရက်ကျော်မှသာ လုပ်ငန်းသိမ်းခြင်းဖြစ်ပြီး မိုးဖျက်ခြင်း၊ ရာသီဖျက်ခြင်းရှိသည့် နှစ်ဆိုလျင် ပုံမှန်ထက်စော၍ လုပ်ငန်းသိမ်းကြရသည်။

ယခုနှစ် ဆားလုပ်ငန်း အနေဖြင့် ဆားတောင်သူများမှာ ထုတ်လုပ်စရိတ် ထက်ဝက်မက အရှုံးဖြင့် ဆားလုပ်ငန်း ဇာတ်သိမ်းခဲ့ရကြောင်း၊ ၀ယ်ယူသူပင် မရှိသည့်အတွက် ဖြစ်သည့်ဈေးဖြင့် ထိုးရောင်းနေရသည့် အနေအထားထိ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ဆားတစ်ပိဿာ ထုတ်လုပ်စရိတ်မှာ လုပ်ကွက်ကိရိယာ၊ အရင်းအနှီး အပြည့်အစုံဆုံး ဆားတောင်သူပင် တစ်ပိဿာကျပ် ၃၀ မှ ကျပ် ၄၀ ကြား ကုန်ကျပြီး အတိုးဖြင့် ယူလုပ်ရသည့် ဆားတောင်သူမှာ ကျပ် ၄၀ နှင့်အထက် ကုန်ကျစရိတ်ရှိကြောင်း သိရသည်။

လက်ရှိဆားဈေးမှာ ဆားတစ်ပိဿာလျှင် ၁၈ ကျပ်၊ ကျပ် ၂၀ ၀န်းကျင်သာ ရှိသည့်အတွက် အရှုံးပေါ်ရသည့်အပေါ် သက္ကယ်သောင်ဆား တိုက်နယ်မှ ဒေါက်တာအောင်ကျော်ဇောက ''အခုဆားတစ်ပိဿာကို ပုသိမ်အရောက်ပို့မှ ၂၇ ကျပ်ပဲရတယ်။ ပုသိမ်မှာ မ၀ယ်တော့ဘူးဆိုပြီး လုပ်ငန်းရှင် အများစု အ၀ယ်ရပ်လိုက်တော့ ၂၅ ကျပ်နဲ့ ထပ်ချရောင်းကြရတယ်။ ဆားတစ်ပိဿာ ပုသိမ်ကို သယ်ယူခက ၇ ကျပ်ရှိတယ်။ အဲဒီတော့ နယ်မှာ ဆားတစ်ပိဿာ ၁၈ ကျပ်၊ ကျပ် ၂၀ ပဲရတယ်။ ထုတ်လုပ်စရိတ်က ကျပ် ၄၀ အထက်ရှိတယ်။ ဆိုးဆိုးရွားရွားကို ရှုံးပြန်ပြီ။ ဆားထုတ်နေတုန်းကလည်း စရိတ်မရှိလို့ ထွက်တဲ့ဆားလေး ထုတ်ရောင်းတာ တစ်ပိဿာမှ ကျပ် ၃၀ အထိပဲ ရခဲ့တယ်'' ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဆားလုပ်ငန်းခွင်ကို တွေ့ရစဉ်

SHARE THIS
Previous Post
Next Post