အမှုတွဲတွင် ပါဝင်နေခြင်းကြောင့် အလုပ်သမားတစ်ဦး ထပ်မံ ဖမ်းဆီးခဲ့

မေလ ၂၉ ရက် ၂၀၁၃

ရွှေပြည်သာမြို့ ၀ါးတစ်ရာရွာရှိ တော်ဝင်သစ်အချောထည်စက်ရုံ အလုပ်ရှင်မှ အလုပ်သမား(၄၂)ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားရုံးတွင် နံနက်(၁၁)နာရီခန့် ရုံးချိန်းပြုလုပ်ရာ၌ လာရောက်တွေ့ဆုံသည့် အလုပ်သမားတစ်ဦးကို အမှုတွဲပါဝင်သည်ဟုဆိုကာ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရုံးချိန်းကို မေလ(၂၈)ရက်နေ့တွင် ရွှေပြည်သာမြို့နယ် တရားရုံး၌ ပြုလုပ်ခဲ့ပြီး အလုပ်ရှင်မှ ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၅၂)ဖြင့် အလုပ်သမား (၄၂)ဦး တရားစွဲဆိုခဲ့သော်လည်း (၁၂)ဦးသာ ဖမ်းဆီးရသေးကြောင်း သိရှိရသည်။

တရားစွဲသည့်အမှုထဲတွင် ပါဝင်သည်ဟုဆိုတာ ထပ်မံ ဖမ်းဆီးခံရသူမှာ မလဲ့လဲ့ဝင်းဖြစ်ပြီး တရားရုံးသို့ ရောက်လာချိန်၌ ရွှေပြည်သာမြို့နယ် စခန်းမှူးမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ မလဲ့လဲ့ဝင်းကိုယ်တိုင်မှလည်း အလုပ်ရှင်အား အမှုဖွင့်ထားပြီး ဖြစ်ကြောင်း သိရသည်။

တော်ဝင် အလုပ်သမား(၄၂)ဦးကို အလုပ်ရှင်မှ ပုဒ်မ(၄၅၂) ပိုင်နက်ကျူးလွန်မှုဖြင့် ရွှေပြည်သာမြို့နယ် တရားရုံးမှ မေလ(၁၅)ရက်နေ့က တရားစွဲဆိုကာ ရုံးထုတ်ခဲ့ကြောင်း သိရှိရသည်။

“ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေကို အားပေးဖို့အတွက်လာတယ်။ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ အတွက် အမိန့်ကျလာတယ်။ ဆိုပြီးတော့ ဖမ်းသွားတယ်။ မဖမ်းခင်မှာ မလဲ့လဲ့ဝင်းက အလုပ်ရှင်ကို တရားစွဲ ထားတာရှိတယ်။ အလုပ်သမားတွေကို အသေရိုက်သတ်တာဖြစ်တဲ့အတွက် ပုဒ်မ(၃၅၂)နဲ့ စွဲသလဲလို့မေးတော့ စကားများ တာတွေရှိခဲ့တယ်။ စခန်းမှူးကိုယ်တိုင်ရောက်လာပြီး ဖမ်းသွားတာပါ။”ဟု ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောသည်။

ဖမ်းဆီးခံရသူ မလဲ့လဲ့ဝင်းသည် ကိုယ်ဝန် (၄)လ လွယ်ထားရသူဖြစ်ပြီး ရှေ့နေမှ အာမခံရရန် နောက်ရုံးချိန်း များတွင် စာတင်ကာ အာမခံလျှောက်ထားမည်ဖြစ်ကြောင်း သိရသည်။

“သူဟာကိုယ်ဝန်သည်တစ်ယောက်ဖြစ်တယ်။ အလုပ်သမား (၁၃)ယောက်လုံးအတွက် အာမခံတောင်းဆိုမယ်။ ရုံးချိန်းမှာ အာမခံလျှောက်ထားခဲ့တယ်။ မြန်မာနိုင်ငံတရားရုံးများလက်စွဲ အပိုဒ် (၁၅၄) အပိုဒ်ခွဲ (၁၂)အရ တရားရုံးကိုလျှောက်လဲချက် တင်ဆက်တဲ့အခါမှာ နှုတ်နဲ့သာ လျှောက်လဲရမယ်ဆိုတဲ့ အချက်နဲ့ အညီ နှုတ်နဲ့ လျှောက်ခဲ့တယ်။ တရားရုံးက စာနဲ့တင်ပါလို့ပြောလို့ပြောတဲ့ နောက်ရုံးချိန်းကျရင် စာနဲ့တင်ပါ့မယ်။” ဟု အလုပ်သမားရှေ့နေ ကိုအောင်သူရိန်ထွန်းက ပြောသည်။

အဆိုပါ အပြန်အလှန် တရားစွဲဆိုမှုများဖြစ်ပေါ်နေရခြင်းမှာ အလုပ်ရှင်-အလုပ်သမား ပဋိပက္ခဖြေရှင်းရာတွင် အမြင့်ဆုံးဖြစ်သည့် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို အလုပ်ရှင်မှ မလိုက်နာခြင်းကြောင့်ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူတို့က ဆိုသည်။

“တရားမျှတမှုနဲ့ အမှန်တရားကိုဖော်ထုတ်ဖို့လိုတယ်။ တစ်ဘက်စောင်းနင်းဖြစ်နေတဲ့ တရားဥပဒေတွေကိုတော့ လက်မခံနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အလုပ်ရှင်ရော အလုပ်သမားရော တရားမျှတစွာနဲ့ အမှန်တရားကို ဖော်ဆောင် ပေးဖို့အတွက်ကို တောင်းဆိုထားတယ်။ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင်က မလိုက်နာဘူး။ ဒီမတိုင်ခင်မှာလည်း အဆင့်ဆင့် ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်။ အဲ့ဒီအတွက် ဒီလို အကျိုးဆက်တွေ ဖြစ်ခဲ့ တယ်လို့မြင်တယ်။”ဟု (၈၈) မျိုးဆက် ကျောင်းသူ အလုပ်သမားရေးရာ ဒု-တာဝန်ခံ မသက်သက်အောင်က ပြောသည်။

ရွှေပြည်သာမြို့နယ်တရားရုံးမှ နှုတ်ဖြင့် အာမခံလျှောက်ထားခြင်းကို လက်မခံဘဲ စာတင်ကာ အာမခံ လျှောက်ထားခိုင်းကြောင်းနှင့် ဇွန်လ(၆)ရက်နေ့တွင် တရားစွဲခံထားရသူများကို ရုံးချိန်းပေးလိုက်ကြောင်း အဆိုပါ မြို့နယ်တရားရုံးက သိရှိရသည်။

Myit Makha Mediagroup

SHARE THIS
Previous Post
Next Post