စက်မှုဇုန်များ မီးပြတ်နေမှု ဖြေရှင်းပေးမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကတိပြု

Wednesday, May 29, 2013

ရန်ကုန်ရှိ စက်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်း လျှပ်စစ်မီးလုံးဝမရရှိနေမှုအား ယခုကုန်တွင် အတတ်နိုင်ဆုံး ဖြေရှင်းပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ကတိပြုပြောကြား လိုက်သည်။

ဦးမြင့်ဆွေက “အခုလောလောဆယ်တော့ဦးစားပေးအနေနဲ့ အအေးခန်းစက်ရုံတွေကိုပေးထား တယ်။ ထပ်ပြီးတော့ ရနိုင်သလောက်ထပ်ပေးဖို့လျှပ်စစ်ဝန်ကြီးကိုတောင်းဆိုထားတယ်။ ဒီလကုန်ရင်မီးရမယ်။ ၂၄နာရီရအောင်တော့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်" ဟု ပြောကြားသည်။

ယင်းနှင့်စပ်လျဉ်း၍ ဦးမြင့်ဆွေက မေလ၂၈ရက်တွင် လှိုင်သာယာမြို့နယ် ကနောင်ခန်းမတွင် ကျင်းပသည့် လှိုင်သာယာစက်မှုဇုန် အသင်းသားစုံညီ အစည်းအဝေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ကာ စက်မှုဇုန်များအနေဖြင့် လက်ရှိအချိန်တွင် ၂၄ နာရီပတ်လုံး ပြတ်နေရာမှ အပြည့်အ၀ မဟုတ်သော်လည်း အတိုင်းအတာ တစ်ခုအထိ ပြန်လည်ရရှိအောင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ယင်းအနေဖြင့် တောင်းဆိုမှု ပြုလုပ်ထားကြောင်း ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန်များမှ စက်မှုလုပ်ငန်းများအား မေလ ၆ ရက်တွင် လျှပ်စစ်မီး လုံးဝဖြတ်တောက်ခဲ့ရာမှ မေလ ၁၆ ရက်တွင် လျှပ်စစ်အမြဲမပြတ် လိုအပ်သော အအေးခန်း စက်မှုဇုန်များအား လျှပ်စစ်ပြန်ပေးခဲ့သော်လည်း စက်ရုံ၉၀ရာခိုင်နှုန်းသည် မီးလုံးဝပြတ်တောက် နေဆဲဖြစ်သည်။

ယင်းနှင့်စပ်လျဉ်းကာ ဦးမြတ်သင်းအောင် (လှိုင်သာယာစက်မှုဇုန် ဥက္ကဌ) က “လျှပ်စစ်မီးကို ၂၄နာရီ မဟုတ်ရင်တောင် ရနိုင်သလောက် ၄ နာရီလောက်လေးပဲ ဖြစ်ဖြစ်ပေးစေ ချင်ပါတယ်။ ဒီဇယ်နဲ့လည်ရင် လျှပ်စစ်နဲ့လည်တာရဲ့ နှစ်ဆလောက် ဖြစ်နေတဲ့အတွက် ရေရှည်မှာ အလုပ်ရှင်တွေလည်း မလုပ်နိုင်ဘူး။ မလုပ်နိုင်တော့ အချိန်ပို မရှိတော့တဲ့အတွက် အလုပ်သမားတွေပါ ထိခိုက်သွားနိုင်တယ်” ဟု ထိုအခမ်းအနား တွင် ပြောကြား ခဲ့သည်။

ထိုကဲ့သို့ လျှပ်စစ်မီးဖြတ်တောက်ခံထားရသဖြင့် စက်မှုလုပ်ငန်းများသည် ဒီဇယ်ဆီကို အသုံးပြု၍ လည်ပတ်နေရသောကြောင့် အရှုံးများလာသဖြင့် အများစုသည်လုပ်ငန်းတစ်ဝက်တစ်ပြက်ရပ်နားခြင်း၊ လုံးဝ ရပ်နားခြင်းများ ပြုလုပ်ထားရကာ ရွှေပြည်သာ စက်မှုဇုန်တွင်မူ စက်ရုံ၉၀ရာခိုင်နှုန်းသည် လုံးဝ ရပ်ဆိုင်း သွားပြီဖြစ်ကြောင်း လုပ်ငန်းရှင်များက မကြာမီရက်ပိုင်းက မဇ္စျိမသို့ ပြောကြားခဲ့သည်။

Mizzima News

SHARE THIS
Previous Post
Next Post