က.ည.န မှ အစားထိုးယာဉ် မှတ်ပုံတင် ထုတ်ပေးမှု အစီးရေ ၉၀၀၀၀ နီးပါးရှိလာပြီး ခရီးသည်တင်ယာဉ် မှတ်ပုံတင် ထုတ်ပေးမှု အနည်းဆုံးဖြစ်

Sunday, May 19, 2013

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အစားထိုးယာဉ် ကနဦးမှတ်ပုံတင် ထုတ်ပေးမှု အခြေအနေမှာ ၂၀၁၃ ခုနှစ် မေ ၁၆ ရက်အထိ အစီးရေ ၉၀၀၀၀ နီးပါး ရှိလာပြီး ခရီးသည်တင် မော်တော်ယာဉ်အတွက် မှတ်ပုံတင် ထုတ်ပေးမှု အရေအတွက်မှာ အနည်းဆုံးဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်တွင်းရှိ အိုမင်းဟောင်းနွမ်းနေသော နှစ် ၂၀ သက်တမ်းကျော်ရှိသည့် ယာဉ်အိုယာဉ်ဟောင်းများကို ပြန်လည်အပ်နှံစေပြီး ပြည်ပမှ အစားထိုး တင်သွင်းခွင့် ပြုခြင်းကို ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ပါဝင်သော သက်တမ်းကြာမြင့် မော်တော်ယာဉ်များ ပယ်ဖျက်အပ်နှံ အစားထိုး လဲလှယ်ရေးနှင့် ပတ်သက်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ One Stop Service (OSS) ဖွဲ့စည်းပြီး မော်တော်ယာဉ် အစားထိုး တင်သွင်းခွင့် ပါမစ်ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလမှစပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အစားထိုးယာဉ် ကနဦး မှတ်ပုံတင်ပေးမှုမှာ လူစီးယာဉ် ၈၂၅၀၁ စီး၊ ကုန်တင်ယာဉ် ၃၈၆၅ စီး၊ ခရီးသည်တင်ယာဉ် ၁၄၆၁ စီး စုစုပေါင်း ၈၇၈၂၇ စီး ရှိပြီဖြစ်ကြောင်း သိရသည်။ ယာဉ်အိုယာဉ်ဟောင်းများ မှတ်ပုံတင် ဖျက်သိမ်းမှုမှာ လူစီးယာဉ် ၈၈၆၅၀၊ ကုန်တင်ယာဉ် ၅၆၀၈ စီး၊ ခရီးသည်တင်ယာဉ် ၂၀၀၂ စီး စုစုပေါင်း ၉၆၂၆၀ ရှိကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ယာဉ်အိုယာဉ်ဟောင်း အစားထိုး တင်သွင်းခြင်းနှင့် ကနဦး မှတ်ပုံတင်ပေးခြင်းအတွက် ယာဉ်မှတ်ပုံတင် စာအုပ်နှင့် ယာဉ်သက်သေခံလက်မှတ် ထုတ်ပေးခြင်းကို ကနဦး မှတ်ပုံတင်ခ ငွေပေးသွင်းပြီး ယခင်က သုံးပတ်အကြာ အချိန်ယူ ဆောင်ရွက်ရာမှ မေ ၁၅ ရက်မှစ၍ နှစ်ပတ်အကြာတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။

Eleven

SHARE THIS
Previous Post
Next Post