အမေရိကန်တွင် တန်ချိန်သန်းချီ ဈေးကွက်ရှိသော တီလားဗီးယားငါး မြန်မာပြန်လည်မွေးမည်

Monday, May 27, 2013

အမေရိကန်ဈေးကွက်တွင် တစ်နှစ်တန်ချိန်သန်းနှင့်ချီကာ ဝယ်လိုအားရှိနေသည့် တီလားဗီးယား ငါးများအား ပြန်လည်မွေးမြူရန်

နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က မဇ္စျိမ သို့ ပြောကြားလိုက်သည်။

လွန်ခဲ့သည့်ရှစ်နှစ်ခန့်က မြန်မာနိုင်ငံတွင် တီးလားဗီးယား ငါးမွေးမြူခဲ့ကြသော် လည်း စီးပွါးရေးပိတ်ဆို့မှုများ၊ နည်းပညာပိုင်းအားနည်းမှု၊ ဈေးကွက်ပိုင်းရရှိမှု အားနည်းခြင်းတို့ကြောင့် အရှုံးပေါ်ကာ ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်ကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များ အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးဝင်းကြိုင်က 'အမေရိကန်က ပညာရှင်တွေနဲ့ တွေ့ဆုံ ကြတဲ့အခါမှာ တီလားဗီးယား ဈေးကွက်က အမေရိကမှာ ကြီးမားတာသိရတယ်။ ဒါကြောင့် ငါးမွေးမြူရေး လုပ်ငန်းရှင်များကလည်း

ပြန်ပြီးစိတ်ဝင်စားလာနေတယ်။ ကိုယ့်နိုင်ငံရဲ့ ရေခံမြေခံကလည်း တခြားနိုင်ငံတွေ ထက်သာတယ်။ ဈေးကွက်ကလည်း ရှိနေတဲ့အတွက် နည်းပညာပိုင်းနှင့် အရင်းအနှီးပိုင်း ပေါင်းစပ်လိုက်ရင် မြန်မာနိုင်ငံဟာ တီလားဗီးယား တင်ပို့နိုင်တဲ့နိုင်ငံ ဖြစ်လာမှာပဲ' ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ၂ဝဝ၄ - ဝ၅ ဝန်းကျင်တွင် တီးလားဗီးယား ငါးမွေးမြူခဲ့ကြသော်လည်း ယင်းကာလတွင် ပို့ကုန်ခွန် ၁ဝ ရာခိုင်နှုန်းပေး ဆောင်နေရချိန်ဖြစ်ရာ အမေရိကန်စီးပွါးရေး ပိတ်ဆို့မှုများ တင်းကျပ်လာခြင်း၊ မျိုးကောင်းမျိုးသန့် များကို ပြည်ပမှ တင်သွင်းခဲ့သော်လည်း ခေတ်မီ အစာချက်စက်ရုံများ နည်းပါးခြင်းတို့ကြောင့် မွေးမြူရေး လုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင် ပို့ကုန်အခွန်မပေးရတော့ဘဲ အမေရိကန်မှလည်း GSP (အခွန်လျှော့ပေါ့ခွင့်) ပေးလာရန်ရှိနေပြီး ဖြစ်သည့်အပြင် အစာချက်စက်ရုံများလည်း အလုံအလောက်ရှိလာပြီဖြစ်ခြင်းကြောင့် မွေးမြူရန် ငါးမွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် ပြန်လည်မွေးမြူရန် အထူးစိတ်ဝင်စားလာကြောင်း ဦးဝင်းကြိုင်က ဆက်လက်ပြောကြားသည်။

ငါးမွေးမြူရေး ကျွမ်းကျင်ပညာရှင် ဒေါက်တာသက်မှူးက ''တီလားဗီးယားငါးမွေးဖို့က ငါးမျိုးနဲ့နည်းပညာက အရေးကြီးတယ်၊ အရင်းအနှီးကလည်းကြီးတဲ့အတွက် ငါးမွေးမြူရေးလုပ်ငန်းရှင်တွေအတွက် အထောက်အပံ့ လိုအပ်တယ်''ဟု ပြောသည်။

Mizzima News

SHARE THIS
Previous Post
Next Post