ထီထိုးသူ များလာသောကြောင့် စက်တင်ဘာမှ စတင်ပြီး အ က္ခရာတစ်လုံး တိုးရောင်းမည်

ထီစောင်ရေ များလာစေရန်အတွက် လာမည့် စက်တင်ဘာလ၌ စတင်ရောင်းချမည့် ၂၉၇ ကြိမ်မြောက် အောင်ဘာလေထီတွင် အက္ခရာတစ်လုံးတိုး၍ရောင်းချပေးသွားမည်
ဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီးဌာန အောင်ဘာလေသိန်းဆုဌာနမှ သိရသည်။

ယင်းသို့ အက္ခရာတစ်လုံးတိုး၍ ရောင်းချပေးခြင်းမှာ ထီထိုးသူ
များလာ၍ဖြစ်ပြီး တိုးလိုက်ပါက အက္ခရာ ၃၆ လုံးအထိဖြစ်သွားမည်ဖြစ်ကာ သြဂုတ်လအထိ ၃၅ လုံးသာ ရောင်းချပေးသည်ဟု အောင်ဘာလေ သိန်းဆုဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က သြဂုတ် ၂၆ ရက်တွင် ပြောသည်။
ဦးသိန်းနိုင်က “အက္ခရာတိုးတယ်ဆိုတာ ရောင်းလိုအား ၀ယ်လိုအားတွေ တိုးလာလို့ပါ။ အောင်ဘာလေ ထီရောင်း ရတော့
အခွန်ပိုရတယ်။ အခွန်ပိုရတော့ တိုင်းပြည်ရဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းပေးရာ ရောက်တယ်။ ပြည်သူအတွက် ဆုမဲ
ပိုရတော့ ဆင်းရဲမွဲတေမှု ပပျောက်ဖို့ အထောက်အကူ ဖြစ်တယ်” ဟု ပြောသည်။
၂၉၇ ကြိမ်မြောက် အောင်ဘာလေထီတွင် အက္ခရာ “က” မှ “ကဂ” အထိ ၃၆ လုံး ရောင်းချပေးသွားမည် ဖြစ်ပြီး အောက်တို
ဘာလ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။ ယင်းထီဖွင့်ပွဲတွင်ဆုမဲပေါင်း ၂၆,၉၉၉ ဆု ဖွင့်လှစ်ပေးသွားမည် ဖြစ်ပြီး ငွေကျပ်
သန်းပေါင်း ၃,၅၀၀ ကျော် တန်ဖိုးရှိမည် ဖြစ်သည်။

စက်တင်ဘာ ၁ ရက်တွင် ဖွင့်လှစ်မည့် ၂၉၆ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် အက္ခရာ “က”မှ “ကခ” အထိ ၃၅ လုံး ရောင်းချပေးပြီး ဆုမဲစုစုပေါင်း ၂၆,၈၁၂ ဆု ဖွင့်လှစ်ပေးမည် ဖြစ်သည်။
၂၉၇ ကြိမ်မြောက် အောင်ဘာလေထီတွင် ဖွင့်လှစ်သွားမည့်ဆုမဲများမှာ ကျပ်သိန်း ၁၅၀၀ ဆု တစ်ဆု၊ ကျပ်သိန်း ၁၀၀၀ဆု တစ်ဆု၊ ကျပ်သိန်း ၅၀၀ဆု တစ်ဆု၊ ကျပ်သိန်း ၃၀၀ဆု သုံးဆု၊ကျပ်သိန်း၂၀၀ဆု ငါးဆု၊ မင်္ဂလာစုံတွဲ ၁၆ ယူနစ် ၁၆ယ၅၆၀ဆု၊ ဖြည့်စွက် ၂ ယူနစ် ၄၀၀ ဆု၊ အပိုဆု ၂၉ ဆုနှင့် မိတ်သဟာဆု ၉၉၉၉ ဆု ဖြစ်သည်။

ရန်ကုန်မြို့ရှိ ကျောက်တံတားမြို့နယ်မှ သားကောင်းရတနာထီဆိုင်မှ ထီရောင်းသူတစ်ဦးက “အောင်ဘာလေထီ ထိုးတဲ့သူအများအားဖြင့်က နယ်တွေကပါ။ ထီဆုကြီးပေါက်တဲ့ ဒေသတွေဆို ပိုရောင်းကောင်းတယ်။ အခုလို ရေကြီးမိုးရွာဆို ရောင်းအားကျတယ်။ အခု အက္ခရာ ၃၆ လုံး ရောင်းမယ်ဆိုတော့ အရင် လတွေထက် အက္ခရာများ လာတယ်။ ဆုမဲအရေအတွက်
များလာတယ်”ဟု ပြောသည်။

အောင်ဘာလေထီတွင် ရောင်းရငွေ အားလုံး၏ ၄၀ ရာခိုင်နှုန်းကို ဘဏ္ဍာငွေအဖြစ် နိုင်ငံတော်က ရယူပြီး ၆၀ ရာခိုင်နှုန်းကို
ဆုကြေးငွေအဖြစ် ခွဲဝေပေးသည်။ အက္ခရာ၃၆လုံးအတွက် ထီရောင်းရငွေမှာ ကျပ်သန်းပေါင်း ၅၈၀၀ ကျော်ရှိသည့်အတွက်
ဘဏ္ဍာငွေသန်းပေါင်း နှစ်ထောင်ကျော် အစိုးရက ရရှိမည်ဖြစ်သည်။

လစဉ် ထီထိုးသူတစ်ဦးဖြစ်သည့် အသက် ၆၀ ၀န်းကျင်အရွယ်ရှိ ဦးမြင့်အေးက “လစဉ်တော့ ထီထိုးဖြစ်တယ်။ ကံကောင်းရင်
လည်း ထီပေါက်သွားနိုင်တာပေါ့။ ထီဆုကြီးတွေ ပေးရင်တော့
ပိုကောင်းမယ်”ဟု ပြောကြားခဲ့သည်။

From : Mizzima


SHARE THIS
Previous Post
Next Post