Thursday, 29 August 2013
ပြည်သူလူထု၏ လိုအပ်ချက်များကို သုတေသန ပြုပြီးမှသာ မူဝါဒများ ချမှတ်လုပ်ဆောင်ခြင်းသည် လက်ရှိဖြစ်ပေါ်နေသောတည်ဆဲပြဿနာများအား ဖြေရှင်းရာတွင် ထိရောက်မှု ရှိသည်ဟု International Republican
Institute ၏ International Trainer တစ်ဦးဖြစ်သူ မက်သရူးဘက်ကာက ရန်ကုန်မြို့ရှိSummit Park View ဟိုတယ်တွင် သြဂုတ် ၂၈ ရက်က InternationalRepublican Institute မှ ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။
မူဝါဒများ ချမှတ်ရာတွင် ဒေသတစ်ခုနှင့်တစ်ခု ပြဿနာများ မတူညီရုံတွင် မကဘဲ တူညီနေသည့် ပြဿနာများတွင်ပင် အတိမ်အနက် ကွာခြားသဖြင့် လက်တွေ့လုပ်ဆောင်ရာတွင် အခက်အခဲများ တွေ့ကြုံနိုင်ပြီး ထိုအခက်အခဲများအား အနီးစပ်ဆုံး ဖြေရှင်းနိုင်ရန်အတွက် မူဝါဒ မချမှတ်ခင် သုတေသန ပြုလုပ်ရန်မှာ အရေးကြီးသည်ဟု ၎င်းကပြောကြားသည်။
မူဝါဒ မချမှတ်ခင်တွင် ပြည်သူလူထုအတွင်း ရှိသည့်ပြဿနာများအား ဖော်ထုတ်ရှာဖွေပြီးမှ ဒုတိယအဆင့် အနေနှင့် မူဝါဒများအား ချမှတ်ရမည် ဖြစ်ကြောင်းနှင့် ပြည်သူလူထုအတွက် မူဝါဒများကို အလွယ်တကူ မချမှတ်ဘဲ ပြဿနာများကို အဖြေအမျိုးမျိုး စဉ်းစားပြီးမှသာ ဆောင်ရွက်သင့်ကြောင်း ၎င်းကဆိုသည်။
မက်သရူးဘက်ကာက "ပြဿနာတွေကို စဉ်းစားတဲ့အခါမှာ အဖြေအမျိုးမျိုး အပေါ်မှာ စဉ်းစားသင့်ပါတယ်။ ကိုယ့်ရဲ့စဉ်းစားချက်
တွေ အပေါ်မှာလည်း ရှိလာနိုင်တဲ့ အကျိုးဆက်တွေကို ထည့်သွင်းစဉ်းစား ရမှာပါ။ ကိုယ်မြင်နေတဲ့ အကျိုးအပြစ်တွေကိုလည်း ပြည်
သူတွေကို အသိပညာ အနေနဲ့ ပေးသင့်တယ်" ဟု ပြောကြားသည်။
ထိုအလုပ်ရုံ ဆွေးနွေးပွဲကို လူထုအခြေပြု အဖွဲ့အစည်းပေါင်း ၃၁ ဖွဲ့ တက်ရောက်ခဲ့သည်။ International Republican Institute ကို ၁၉၈၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စတင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် အမေရိကန် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဆောင်ရွက်နေသည်။IRI အဖွဲ့အနေနှင့် အာဏာရှင် လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းနေသည့် နိုင်ငံများ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် နိုင်ငံ
များအား အကူအညီများ ပေးအပ်နေသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း အသွင်ကူးပြောင်းရေးကာလ အထောက်အကူ ပြုစေရန် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကို ပြုလုပ်ပေးနေသည်။
From : eleven