ပညာရေး ဝန်ကြီးဌာန တလွဲငွေတောင်းခံမှု ရှက်မိကြောင်း သူရဦးရွှေမန်းဆို

ပညာရေး ဝန်ကြီးဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ် ဘဏ္ဍာငွေ တောင်းခံရာတွင် တလွဲတောင်းခံမှုများ ရှိနေခြင်းကြောင့် ရှက်မိကြောင်း
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းနှင့် ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်တို့ ဇမ္ဗူသီရိ ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး အစည်းအဝေး ပြန်စချိန်တွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃-၁၄ ခုနှစ် ပြည်ထောင်စု အစိုးရ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး အတွက် ထပ်မံ တောင်းခံရာတွင် ပညာရေး ဝန်ကြီးဌာနသည် SEA Games ကာလ
အတွင်း ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၏ အသွားအပြန် ကုန်ကျ
စရိတ်များ၊ စက်သုံးဆီဖိုးများ၊ နိုင်ငံခြား ဧည့်သည်များ လာရောက်ရာတွင် ကြိုဆိုမည့် စရိတ်များကို ထည့်သွင်း တောင်းခံခြင်းတို့ တွေ့ရှိကြောင်း ၎င်းက ဆိုသည်။

“ဟိုတစ်နေ့က ဆွေးနွေးတာကျွန်တော်ကြားတဲ့ အခါကျတော့ စိတ်မကောင်း လိုက်တာ။ ပညာရေး ဝန်ကြီးဌာနက ဘာကြောင့် ဒီလောက်တောင် သုံးလဲ။ ကျွန်တော် တ
အား ရှက်တာပဲ” ဟု သူရဦးရွှေမန်းက ဆိုသည်။ အားကစား ဝန်ကြီးဌာနနှင့် သက်ဆိုင်သော လုပ်ငန်းသုံး ငွေကြေးသည် ယင်းဝန်ကြီးဌာန နှင့်သာ ဆိုင်ပြီး နိုင်ငံ၏
ငွေကြေး လိုအပ်နေချိန်တွင် ယင်းကဲ့သို့ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို သိလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကမေးခွန်းထုတ်သည်။

ထို့ပြင် ပညာရေးနှင့် မသက်ဆိုင်သော လူကြီး တစ်ဦးတစ်ယောက် အတွက် ကျောင်းသား၊ ကျောင်းသူများလက်ယမ်းကြိုဆိုနေရခြင်းသည် အာဏာရှင်စနစ် ဆန်သော ကိစ္စရပ်
ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍသည် နိမ့်ကျသည့် ကာလ ဖြစ်နေသည့် အပြင် ဝိုင်းဝန်း ဆောင်ရွက်ရမည့် ကိစ္စများမှာလည်း အားနည်းနေကြောင်း သူရဦးရွှေမန်းက ထပ်လောင်း ပြောကြား ခဲ့သည်။

From : The Voice


SHARE THIS
Previous Post
Next Post