ဗိုလ်ချုပ်နှစ်(၁၀၀) ပြည့်မွေးနေ့အထိမ်းအမှတ် စစ်တွေမြို့ ရွာကြီးမြောက် အမကတွင် ကျင်းပ

ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် (၁၀၀) ပြည့်မွေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံ ကလေးများနေ့ ပျော်ပွဲရွှင်ပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးမြောက် အမက ကျောင်းတွင် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ကျင်းပခဲ့သည်။

ယင်းကလေးများနေ့ ပျော်ပွဲရွှင်ပွဲကျင်းပခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရွာကြီးမြောက် အမက မှ ကျောင်းအုပ်ဆရာမ ဒေါ်သင်းသင်းမော်က အောက်ပါအတိုင်းပြောကြားသည်။

“ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံကလေးများနေ့ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကတော့ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကလေးတွေရင်ထဲမှာ အသိအမှတ်ဖြစ်စေချင်လို့ပါ။ ပြီးတော့ ကလေးတွေရဲ့စိတ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းလို ကြိုးစားစေချင်တဲ့ စိတ်တွေ ပေါ်ပေါက်လာအောင်လို့ပါ” ဟု ဆရာမ ဒေါ်သင်းသင်းမော်က ပြောသည်။

ပျော်ပွဲ ရွှင်ပွဲများအဖြစ် ပန်းဖွားအကပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲနှင့် မီတာ ၁၀၀ အပြေးပြိုင်ပွဲတို့ကို ပြုလုပ်ပေးခဲ့သည်။

ပန်းဖွားအကပြိုင်ပွဲတွင် မနှင်းအိခိုင်နှင့်အဖွဲ့က ပထမ၊ မခင်သန္တာချိုနှင့်အဖွဲ့က ဒုတိယ၊ ကွမ်းသီးကောက် ပြိုင်ပွဲတွင် မဖြူဖြူဝင်းက ပထမ၊ မစုယွန်းလွင်က ဒုတိယ၊ မခင်သန္တာချိုက တတိယ၊ မုန့်ကိုက်ပြိုင်ပွဲတွင် မောင်မျိုးနိုင်ဦးက ပထမ၊ မောင်ဦးကျော်စိုးက ဒုတိယ၊ မောင်အောင်ရဲခိုင်က တတိယ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် မောင်ဦးကျော်စိုးက ပထမ၊ မောင်ကျော်ထက်အောင်က ဒုတိယ၊ မောင်မင်းမင်းစိုးက တတိယရရှိခဲ့သည်။

ပြိုင်ပွဲများတွင် ပါဝင်ခဲ့ကြသူ မဇင်မာချို ဒုတိယတန်း၊ မခေမာလင်း ဒုတိယတန်း၊ မတင်တင်ဝေ ပထမတန်း ရွာကြီးမြောက်က ကျောင်းသူများက ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေး၍ အထူးပျော်ရွှင်ကြောင်း၊ နောင်နှစ်များတွင်လည်း ပြုလုပ်ပေးစေလိုကြောင်း ပြောသည်။

“ဒီလိုပျော်ပွဲ ရွှင်ပွဲတွေ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသူကျောင်းသားများ စည်းကမ်းရှိလာမယ်၊ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ကြိုးစားမှုများရှိလာမယ်၊ တစ်ယောက်ကို တစ်ယောက် ချစ်ခင်မှုများရှိလာမယ်လို့” စတုတ္ထတန်းကျောင်းသား မောင်ခိုင်မျိုးထွန်းက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

စစ်တွေမြို့ပေါ်မှာ အမက ကျောင်းအများအပြားရှိသည့်အနက်  ရွာကြီးမြောက်ကျောင်းကို မြန်မာကလေးများနေ့ကျင်းပရန် ရွေးချယ်ရခြင်းမှာ ကျောင်းအတွင်း အားကစားကွင်းရှိ၍ဟု ရွာကြီးမြောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်က ပြောသည်။

“စစ်တွေမြို့ပေါ်မှာ အမက ကျောင်းတွေအများကြီးရှိတဲ့အနက် ရွာကြီးမြောက်ကျောင်းကို မြန်မာနိုင်ငံကလေးများနေ့ကျင်းပဖို့ ရွေးချယ်ရတာကတော့ အားကစားကွင်းရှိလို့ပါ။ ကျန်တဲ့ အမကကျောင်းတွေမှာတော့ အားကစားကွင်းမရှိဘူးလေ။ ကျွန်တော်သိသလောက် စစ်တွေမြို့ပေါ်မှာ ပြည်တော်သာ အမက ကျောင်းနဲ့ ကျွန်တော်တို့ကျောင်းမှာပဲ မြန်မာနိုင်ငံကလေးများနေ့ ပျော်ပွဲရွှင်ပွဲ ပြုလုပ်ပေးပါတယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်က ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး၏ ကြိုးပမ်းမှုကြောင့် ယခင်က အလျား ပေ ၁၂၀၊ အနံ ၃၀ ပေရှိ ကျောင်းအိုဟောင်းနေရာတွင် ကျောင်းဆောင်သစ်ဆောက်ပေးခဲ့သည်ဟု သိရသည်။

ယင်းကျောင်းသစ်ကို ကျောင်းဆောက်လုပ်ရေးအတွက် ကော်မတီတရပ် ဖွဲ့စည်း၍ ကိုယ်တိုင်ဦးစီး၍ ဆောင်ရွက်ခဲ့ကြောင်း ရွာကြီးမြောက် အုပ်ချုပ်ရေးမှူးက ပြောသည်။

အခြားကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း လက်ရှိဒီမိုကရေစီကို လျှောက်လှမ်းနေသောကာလတွင် ကိုယ့်ရပ်ရွာတိုးတက်ရေး၊ ရွာသားများ လူနေမှုစရိုက် မြင့်မားရေးအတွက် ဆောင်ရွက်စေလိုကြောင်း မြန်မာနိုင်ငံကလေးများနေ့တွင် ပြောသည်။

ကလေးများပြိုင်ပွဲအတွက် ဆုများကို ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်၊ မြန်မာနိုင်ငံကလေးများနေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် ပေးအပ်မည်ဟု သိရသည်။ ရွာကြီးမြောက်ကျောင်းတွင် ကျင်းပသောအခမ်းအနားသို့ လူ ၁၀၀ ခန့် တက်ရောက်ခဲ့သည်။ အခမ်းအနားကို မွန်းလွဲ ၃ နာရီတွင်ကျင်းပပြီး ညနေ ၄ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။

From-Narinjara



SHARE THIS
Previous Post
Next Post