ကျောက်ဖြူမြို့နယ် ကျေးလက်ရန်ပုံငွေအတွက် တရုတ်ကုမ္ပဏီမှ ကျပ်ငွေသိန်းပေါင်းတစ်သောင်းငါးထောင် လှူဒါန်း

တရုတ်နိုင်ငံမှ အကြီးမားဆုံး ကုမ္ပဏီတစ်ခုဖြစ်သော CITIC Group (the China International Trust and Investment Corporation) မှ ကျောက်ဖြူမြို့နယ် ကျေးလက်ရန်ပုံ ငွေတည်ထောင်ရေး အတွက် ကျပ်သိန်းပေါင်း ၁၅၀၀၀ လှူဒါန်းလိုက်သည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်မှ ကျေးရွာပေါင်း  ၅၀ကို ကျေးရွာတစ်ရွာလျှင် ကျပ်ငွေသိန်း ၃၀၀  နုန်းဖြင့် စုစုပေါင်း ကျပ်ငွေသိန်းပေါင်း ၁၅၀၀၀ ကို ရန်ပုံငွေ အဖြစ် မတည်ပေးခြင်း ဖြစ်ကြောင်း ကျေးလက် ရန် ပုံငွေ တည်ထောင်ပေးသူ အထူးအရာရှိ ယင်း Group ၏ ဒုဥက္ကဋ္ဌ ဖြစ်သူ Mr. Ma Chuanfu က ပြောသည်။

ယင်းမတည် ကျေးလက် ရန်ပုံငွေဖြင် စီမံကိန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ယင်းအထဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအခါ ယင်း မတည်ငွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘဏ်အကောင့်ထဲကို လွဲပြောင်း ထည့်ပေးလိုက်ပြီဖြစ်ကြောင်း  အထူးအရာရှိ Mr. Ma Chuanfu ဆက်လက် ပြောဆိုသည်။

၎င်းစီမံကိန်းနှင့်ပတ်သက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးအားမေးမြန်းခဲ့ရာ မကြာခင် ချေးငွေများ ထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း ပြောသည်။

“ ကျေးလက်ရန်ပုံငွေ တည်ထောင်ရေး စီမံကိန်းအတွက် ကျေးရွာ တစ်ရွာကို ကော်မတီ ၁၁ဦးဖွဲ့ထားတယ်။ ဘဏ်ကော်မတီ ၃ဦးဖြစ်ပြီး ကျန် ၈ဦးကအဖွဲ့ဝင်ဖြစ်တယ်။ ချေးငွေကို စနစ်တကျ စီမံ ခန့်ခွဲတတ်ရန် အတွက် တစ်ရွာကို လူ ၆ ယောက်နှုန်းနဲ့ ရွာပေါင်း ၂၅ ရွာကို သင်တန်းပေးပြီးပြီ ဖြစ်တယ်။ ဘယ်လုပ်ငန်းအတွက် ငွေချေးမယ်ဆိုတာကို လျှောက်လွှာဖြည့်ပြီး ကျေးရွာကော်မတီထံကနေ ငွေ ထုတ်ယူရမှာဖြစ်ပါတယ်” ဟု ယင်းက ပြောသည်။

Mr. Ma Chuanfu က ကျေးလက်ရန်ပုံငွေကို စီမံကိန်းကို တည်ထောင်ပြီး ချေးငွေ ထုတ်ပေးရခြင်းမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဆင်းရဲမွဲတေမှု လျှော့ချရေးကို  တစ်ဖက်တစ်လမ်းက ကူညီပေးခြင်း ဖြစ်ကြောင်း၊ ယခုလုပ်ရပ်မှာ  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီပေးသော သဘောဖြစ်ကြောင်း၊ ချက်ချင်းလက်ငင်း အများကြီး အကျိုးခံစားခွင့်ရမည် မဟုတ်သော်လည်း နောက်ဆိုရင် တဖြည်းဖြည်းဖြင့်  သားစဉ်မြေးဆက်ခံစားရလာမည်ဟု မျှော်လင့်၍ ရကြောင်း၊ လူထုနှင့် တွေ့ဆုံစဉ် စကားပြန်မှ တဆင့် ပြေကြားသည်။

ကျောက်ဖြူမြို့နယ်မှာ ကျေးရွာပေါင်း၂၄၀ ကျော်ရှိပြီး ယင်းအထဲမှ ကျေးရွာ ၅၀ ကိုသာ ရွေးချယ်ပြီး ရန်ပုံငွေ ထူထောင်ပေးခြင်းမှာ ကျေးရွာသားများ အကြား စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေသည်ဟု ချေးငွေမရသည့် ကျေး ရွာတစ်ခုမှ ရွာသားတစ်ဦးက ပြောသည်။

“ ကျေးရွာအုပ်စု တစ်အုပ်စုထဲမှာ ငွေရတဲ့ရွာကရပြီး  တစ်ချို့ရွာက မရဘူးဆိုတော့ အချင်းချင်း စိတ်ဝမ်းကွဲကုန်တာပေါ့” ဟု ပြောသည်။

Mr. Ma Chuanfu က ယခု စီမံကိန်း အောင်မြင်ပါက အစိုးရနှင့် တိုင်ပင်ပြီး နောက်ထပ်ကျေးရွာများကိုလည်း တိုးချဲ့ပြီး လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ အောင်မြင်သွားသော ကျေးရွာများ ကို စံပြကျေးရွာအဖြစ် သတ်မှတ် ထားပြီး နောက်ထပ် ဆက်လက် ဆောင်ရွက်ရန် အတွက် တစ်ခြားကုမ္ပဏီတွေကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း၊ သူတို့ ကုမ္ပဏီ တစ်ခုတည်းဖြင့်  ငွေကြေးအများအပြားကိုလည်း မတတ်နိုင်ကြောင်း ပြောဆိုကြောင်း သိရသည်။

CITIC Group  ၏ နှစ်စဉ် ဘဏ္ဍာဝင်ငွေမှာ အမေရိကန်ဒေါ်လာ၂၂ ဘီလီယံရှိခဲ့ပြီး ၊ ကမ္ဘာ့(၄၁၅)ခုမြောက် အကြီးမားဆုံးစီးပွားရေး ကော်ပိုရေးရှင်းတစ်ခု ဖြစ်ကြောင်း သိရသည်။ ပြောသည်။ ယင်း ကုမ္ပဏီသည် ရမ်းဗြဲမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် စစ်တွေမြို့နယ်မှ ရွာတစ်ရွာစီတွင် ယခင်ကလည်း ကျေးလက်ရန်ပုံငွေ မတည် ထုတ်ချေးဖူးခဲ့ကြောင်း သိရသည်။

From-Narinjara



SHARE THIS
Previous Post
Next Post