သင်္ကြန်ကာလအထူးအစီအစဉ် ရွှေပြည်သစ်ယာဉ်လိုင်းမှ ကားခလျှော့ရောင်း

ရန်ကုန်မှစစ်တွေသို့ပြေးဆွဲနေသည့် ရွှေပြည်သစ်ခရီးသည်တင်ယာဉ်လိုင်းတွင် ယခုနှစ်သင်္ကြန်ကာလအတွင်း အထူးအစီအစဉ်အဖြစ် ယာဉ်စီးခများအား လျှော့၍ရောင်းချနေကြောင်း အဆိုပါဂိတ်မှ ဂိတ်စာရေးကိုခိုင်မိုးလင်းက ပြောသည်။

“ခရီးသည်တွေစိတ်ချမ်းချမ်းသာသာနဲ့ စီးနင်းနိုင်အောင်အတွက် အခုလို အထူးအစီအဖြစ် ဈေးနှုန်းလျှော့ရောင်းချနေတာဖြစ်ပါတယ်”ဟု ယင်းက ဆိုသည်။

အဆိုပါယာဉ်လိုင်းတွင် Air-con ယာဉ်ဆိုလျှင် လူတစ်ဦးကို (အသက်အာမခံကြေးပါ) ၂ဝ၃ဝဝ ကျပ်ဖြင့် ရောင်းချရာမှ  ၁၈ဝဝဝ ကျပ်ထိ လျှော့ရောင်းချပေးနေပြီး  ရိုးရိုးယာဉ်ဆိုလျှင် လူတစ်ဦးကို (အသက်အာမခံကြေးပါ) ၁၈ဝဝဝ ကျပ်မှ  ၁၃ဝဝဝ ကျပ်ထိ လျှော့ရောင်းချပေးနေကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရန်ကုန်မှ ရခိုင်သို့ပြန်မည့် ကုမ္ပဏီဝန်ထမ်း မမြတ်နိုးခိုင်က “ဒီအစီအစဉ်က ခရီးသည်အတွက်တော့ အကောင်းဆုံးပေါ့ရှင်။ ဈေးချိုချိုနဲ့ အိမ်ပြန်ရတော့ ဈေးလျှော့ရောင်းတဲ့ကားဂိတ်ကို ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်”ဟု  ပြောသည်။

ယင်းအစီအစဉ်ကို မတ်လ ၁ ရက်နေ့မှစတင်ခဲ့ခြင်းဖြစ်ပြီး မေလ ၃၁ ရက်နေ့အထိ ရောင်းချသွားမည်ဟုလည်း ရွှေပြည်သစ်ယာဉ်လိုင်းက ဆိုသည်။

သို့သော် အဆိုပါယာဉ်လိုင်းတွင် ဧပြီလ ၁၂ ရက်အထိရခိုင်သို့ပြန်မည့်ခရီးစဉ်လက်မှတ်များအားလုံးကိုရောင်းချပြီးဖြစ်ကြောင်းလည်း သိရသည်။

From-Narinjara



SHARE THIS
Previous Post
Next Post