အစိုးရစစ်​တပ်​မှ ​​အောင်​လံ​ချောင်းရွာအား မီးရှို့ ဖျက်​ဆီးခဲ့သည်​ဟု AA မှ ဒုစစ်​/ချုပ်​က ​အတည်​ပြု​ပြောကြား

(ရခိုင်တပ်မတော်နှင့် အစိုးရတပ်တိုက်ပွဲဖြစ်ပွား ရခိုင်စစ်သည် ၁ ဦးဒဏ်ရာရ)

ရခိုင်ပြည်နယ်ထဲမှာ ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ အစိုးရကရော ရခိုင်တပ်မတော် (အေအေ) ဘက်ပါ သတင်း ထုတ်ပြန်ပါတယ်။

တပ်မတော်စစ်ကြောင်းတွေက နယ်မြေလုံခြုံရေး ရှင်းလင်းဆောင်ရွက်စဉ် ဧပြီလ ၁၇ ရက် မနက်ပိုင်းက ကျောက်တော်မြို့မြောက်ဘက် ပင်လုံရွာအနီးမှာ ရခိုင်တပ်ဖွဲ့ဝင် အင်အား တချို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာလို့ ဆိုပါတယ်။

ဧပြီ ၁၇ ရက် ညနေပိုင်းကလည်း အောင်လံ ချောင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေ အတွင်း ရခိုင်လက်နက်ကိုင်တွေထံက ပြောက်ကျားကျောပိုးအိတ် ၂ လုံး၊ မြန်မာကျပ်ငွေ ၁၂၀၀၀၀ ကျပ်၊ အိုင်ပက် ၁ လုံး၊ ဟွာဝေးဖုန်း ၁လုံး စတဲ့ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ အစိုးရပိုင်သတင်းစာတွေမှာ ရေးပါတယ်။

ရခိုင်တပ်မတော်ဘက်ကတော့ ဧပြီလ ၁၇ ရက်က အစိုးရနဲ့ တိုက်ပွဲတွေဖြစ်ခဲ့သလို ဧပြီလ ၁၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် စပါးဆိပ်နဲ့၊ အောင်လံချောင်းကျေးရွာတွေ အနီး အနည်းဆုံး ရင်ဆိုင်တိုက်ပွဲ ၅ ကြိမ်လောက် ဖြစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ရခိုင်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ‘ကျနော်တို့ အမှတ် ၅ ဗျူဟာလက်အောက်ခံ လှုပ်ရှား စစ်ကြောင်းတွေနဲ့ မြန်မာ့တပ်မတော်ရဲ့ တပ်ရင်းတွေလှုပ်ရှားရင်း တိုက်ပွဲဖြစ်ကြတာ။ ကျနော်တို့နဲ့ မတ်လ ၂၉ ရက်နေ့မှာ ပထမတိုက်ပွဲဖြစ်တယ်၊ ဒီလိုမျိုးဖြစ်ပြီးတော့မှ မြန်မာ့ တပ်မတော်က ရခိုင်ပြည်ထဲမှာရှိတဲ့ စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး အစရှိသဖြင့် အဲဒီကတပ်တွေ အကုန်လုံးက တိုက်ပွဲဖြစ်တဲ့ဆီကို အင်အားအလုံးအရင်းနဲ့ ထိုးလာတယ်။ ကျနော်တို့က လှုပ်ရှားစစ်ကြောင်းအနေနဲ့ပဲ သွားလာနေတယ်ဆိုတော့ မြန်မာ့ တပ်မတော်ဘက်က တက်လာတဲ့တပ်ရင်းတွေနဲ့ ထိတွေ့ပြီးတိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲဖြစ်တာကတော့ အောင်လံချောင်းရွာနားမှာဖြစ်ကြတာ မနေ့ကတော့ မြန်မာ့ တပ်မတော်ဘက်က အောင်လံချောင်းကျေးရွာကို သူတို့ မီးရှို့ပြီးတော့ ဖျက်ဆီးသွား တာတွေတောင်ရှိတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

ပြီးခဲ့တဲ့တိုက်ပွဲအတွင်း ရခိုင်တပ်မတော်ဘက်က အသေးစားဒဏ်ရာရသူတဦးရှိခဲ့ပြီး အစိုးရဘက်က ထိခိုက်သေဆုံးဒဏ်ရာရမှု မသိတဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ လကုန်ပိုင်းကတည်း နှစ်ဖက် ထိတွေ့တိုက်ပွဲစုစုပေါင်း ၁၀ကြိမ် အထက်ရှိခဲ့တယ်လို့ လည်း ပြောပါတယ်။

တိုက်ပွဲတွေအတွင်း လက်နက်ကြီးတွေနဲ့ နှစ်ဖက် အပြန်အလှန် ပတ်ခတ်တိုက်ခိုက်ခဲ့ကြပြီး လတ်တလော ရခိုင်ပြည်နယ်ထဲဖြစ်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံးနဲ့ အချိန်အကြာ ဆုံးတိုက်ပွဲတွေဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်တပ်မတော်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်ထဲမှာ အစိုးရ တပ်တွေကို တိုက်ခိုက်နေသလို ကိုးကန့်ဒေသဘက်မှာလည်း ရခိုင်တပ်မတော်ရဲ့ အထူး တိုက်ခိုက်ရေးတပ်ရင်း ၇၉ က တိုက်ခိုက်နေပါတယ်။

From-DVB
http://burmese.dvb.no/archives/90014



SHARE THIS
Previous Post
Next Post