မြန်မာ့ လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမအား ဂုဏ်ပြုသည့် အနေဖြင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ပူဇော် ထားရှိမည့် ဦးဥတ္တမကြေးရုပ်တုတစ်ခုကို သွန်းလုပ်နေသည်ဟု သတင်း ရရှိသည်။
အမြင့် ၇ ပေရှိသော အဆိုပါရုပ်တုကို ရခိုင်ကြေးသွန်းဆရာကြီး ဦးကျော်သာညွန့်က ကြေးပိဿာချိန် ၂၂ဝ ကိုသုံးစွဲကာ မင်းပြားမြို့လယ်ရှိ ဓမ္မာရုံတွင် ဧပြီလ ၂ဝ ရက်နေ့မှ စတင်သွန်းလုပ်နေသည်ဟု ရုပ်တုအားသွန်းလုပ်ရာတွင် ဦးဆောင်ပါဝင်သူ ဦးဇင်း ဦးဝရက မိန့်သည်။
ယင်းရုပ်တုကို မင်းပြားမြို့ပေါ်သံဃာတော်တချို့အပါအဝင် စေတနာရှင်များ၏လှူဒါန်းငွေ ကျပ်သိန်း ၁ဝဝ ဖြင့် သွန်းလုပ်ခဲ့ခြင်းကြောင်း သိရသည်။
ဆရာတော် ဦးဥတ္တမ ရုပ်တုအား ထားရှိမည့် နေရာနှင့် ပတ်သက်ပြီး မြို့ခံများအကြား သဘောထားကွဲလွဲမှုများရှိနေသဖြင့် အခက်အခဲတစ်ခုကြုံတွေ့နေရသည်ဟု ဦးဝရက ပြောသည်။
“ဆရာတော့်ရုပ်တုကို ထားမယ့်နေရာတစ်ခုအခက်အခဲဖြစ်နေသေးတယ်။ လောလောဆယ်တော့ မြို့လယ်က ဓမ္မာရုံမှာပဲယာယီထားရတယ်” ဟု ဆိုသည်။
ယင်းရုပ်တုကို မင်းပြားမြို့လယ်ရှိ ဂန္ဓဝေပန်းခြံတွင်ထားရှိရန် မြို့ခံတချို့ကဆန္ဒရှိနေသော်လည်း တချို့မြို့ခံများကမူ မြို့လယ်ဓမ္မာရုံတွင်သာထားရှိစေလိုသည်ဟု ဆိုသည်။
“တချို့က ပန်းခြံမှာထားမယ်၊ တချို့ကလည်း ဓမ္မာရုံမှာထားမယ်နဲ့ အငြင်းပွားနေတုန်းပဲ။ ကျနော့်အနေနဲ့ဆိုရင်တော့ ရုပ်တုကို ပန်းခြံမှာပဲထားသင့်တယ်။ ဒါပေမယ့် ခုနောက်ပိုင်း ပန်းခြံလည်း ပြုပြင်မှုမရှိတော့ ပန်းခြံနဲ့တောင် မတူတော့ဘူး”ဟု မြို့ခံ ကိုစိုးမင်းက ပြောသည်။
“ပူဇော်ထိုက်တဲ့သူကို ပူဇော်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အခုလို သွန်းလုပ်ရတာပါ။ ဒါကြောင့် အများပြည်သူတွေ မြင်တွေ့နိုင်တဲ့ နေရာမှာသာ ထားသင့်ပါတယ်”ဟု ဦးဇင်း ဝရက ပြောသည်။
ဆရာတော်ဦးဥတ္တမရုပ်တုကို ရခိုင်ပြည်နယ်အတွင်း စစ်တွေအပါအဝင် မြောက်ဦးနှင့် တောင်ကုတ်မြို့တွင် သွန်းလုပ်အပူဇော်ခံထားရှိပြီးဖြစ်သည်။
သက္ကရာဇ် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည့် ဆရာတော်ဦးဥတ္တမမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဖွား သံဃာတော်တစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိအောင် ထောင်အကြိမ်ကြိမ်အကျခံ၍ ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဦးဆောင်ကြိုးပမ်းခဲ့သည့် အာဇာနည် ရဟန်းတော် တစ်ပါးဖြစ်သည်။
From-Narinjara
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)