ပညာရေး ဝန်ကြီးဌာနက မူလတန်းမှ အလယ်တန်းအဆင့်အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းလခနှင့် ပြဋ္ဌာန်းစာအုပ်များ ပံ့ပိုးပေးနေရာမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ အထက်တန်းအဆင့်အထိ အခမဲ့ပညာရေးစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ စုံစမ်းသိရှိရသည်။ ယခုပညာသင်နှစ်တွင် အထက်တန်းအဆင့် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခကြေးများ အခမဲ့ပံ့ပိုးပေးရန် အသုံးစရိတ်ရရှိပြီး ဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။
ယခင်က အလယ်တန်းအဆင့် အထိသာ အခမဲ့ဖြစ်ခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အထက်တန်းကျောင်းသားများကို မိဘဆရာအသင်းကြေး၊ အားကစား၊ စာရေးကိရိယာနှင့် စာကြည့်တိုက်ကြေးများ ကင်းလွတ်မည် ဖြစ်ပြီး ကောက်ခံပါက သက်ဆိုင်ရာ ပညာရေးမှူးရုံးများသို့ တိုင်ကြားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ဒီလိုပေးမယ်ဆိုတော့ ဝမ်းသာစရာပေါ့။ ဆရာမတို့တော့ မသိသေးဘူး။ ကျောင်းကလည်း အဲဒါနဲ့ ပတ်သက်ပြီး အစည်းအဝေး မလုပ်ကြသေးဘူး” ဟု ရန်ကုန်မြို့တော်ရှိ အထက်တန်းပြ ဆရာမတစ်ဦးက ပြောကြားသည်။
၂၀၁၂-၂၀၁၃ ခုနှစ်တွင် မူလတန်းအဆင့် ကျောင်းသားတိုင်းကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ငွေကျပ်တစ်ထောင် ထောက်ပံ့ပေးပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အလယ်တန်းအဆင့် ကျောင်းသားတိုင်းကို အခမဲ့အဆင့်အဖြစ် တိုးချဲ့ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရှိရသည်။
“မိဘတွေတော့ အကုန်အကျ သက်သာသွားတာပေါ့” ဟု မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှ နဝမတန်း ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မူလတန်းအဆင့်၌ ကျောင်းသား ၅၂ သိန်းကျော်၊ အလယ်တန်းအဆင့်၌ ကျောင်းသား ၂၇ သိန်းကျောင်းနှင့် အထက်တန်းအဆင့်၌ ကျောင်းသားရှစ်သိန်းကျော် ရှိကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“ထောက်ပံ့ပေးတာလည်း ပေးတာပေါ့။ ကျောင်းတွင်းကိုလည်း ပြည့်စုံအောင် လုပ်ပေးစေချင်တယ်။ မူလတန်းအဆင့် ကျောင်းသားတွေကို အရင်ပြည့်စုံအောင် လုပ်ပေးသင့်တာ” ဟု ပညာရေးဝန်ထမ်း တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။
ယင်းအပြင် ပညာရေး ဝန်ကြီးဌာန အနေနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အသုံးစရိတ်အားလုံး၏ ၅ ဒသမ ၉၆ ရာခိုင်နှုန်း ခွဲဝေရရှိခဲ့ကြောင်း ပညာရေး ဝန်ကြီးထံမှ သိရှိရသည်။
From-The Voice Weekly
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)