ကျောက်တော်မြို့နယ်မှ သိမ်းဆည်းရမိသော လက်နက်များတွင် KIO သင်္ကေတများပါဟုဆို

ဧပြီလ ၂၇ ရက်နေ့က ကျောက်တော်မြို့နယ် ကုလားကျ ကျေးရွာအနီး ဖမ်းဆီးရမိသော လက်နက် ၁၉ လက်တွင် KIO (ကချင်) အဖွဲ့ အသုံးပြုသည့် သင်္ကေတ ဖြစ်သော KO အမှတ်လက္ခဏာများ ပါဝင်ကြောင်း မြန်မာ့ တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။


ယင်းလက်နက်များသည် ရက္ခိုင့်တပ်မတော် (AA)က သိုဝှက်ထားသော လက်နက်များ ဖြစ်ကြောင်း သိမ်းဆည်းရမိသော လက်နက်မျိုးစုံ ၁၉ လက်အား အသေးစိတ် စိစစ်ခဲ့ရာ တစ်ဖက်နိုင်ငံထုတ် လက်နက်အမျိုးအစား ဖြစ်ပြီးလက်နက်များ၏ ကိုယ်ထည်တွင် စက်ဝိုင်းအတွင်း၌ ၇ ထောင့် ကြယ်ပုံပါရှိသည့် သင်္ကေတ၊ M-22 ၊ M-25 စသည့်သေနတ် အမျိုးအစားစာသားနှင့် KIA(ကချင်) အဖွဲ့ကိုင်ဆောင် အသုံးပြုသည့် လက်နက်များ၏ သင်္ကေတဖြစ်သော KO အက္ခရာပါရှိသည့် သေနတ်နံပါတ်များ ရိုက်နှိပ်ထားကြောင်း ဖော်ပြထားသည်။

သို့သော် ယင်းထုတ်ပြန်ချက်တွင် တစ်ဖက်နိုင်ငံဟု ဖော်ပြထားသော်လည်း တစ်ဖက်နိုင်ငံဆိုသည်မှာ ဘင်္ဂလားဒေရှ့်(သို့မဟုတ်) တရုတ်နိုင်ငံဆိုသည်ကို သဲကွဲစွာ ဖော်ပြထားခြင်းမရှိပေ။

ဧပြီ ၂၇ ရက်က ကုလားကျကျေးရွာ၏ အနောက်တောင်ဘက် ၂ မိုင်ခန့် အကွာရှိ သဘာဝ ကျောက်လိုဏ်ဂူအတွင်း၌ ကျောက်တုံးများဖြင့် ဖုံးအုပ်ထားသော အမ်(၂၂)ပုံစံ သေနတ် ၅ လက်၊ အမ်(၂၅)ပုံစံ သေနတ် ၄ လက်၊ စုစုပေါင်း ၉ လက်အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းနေရာ ဝန်းကျင်အား ဆက်လက်ရှင်းလင်း ရှာဖွေခဲ့ရာပေ ၅၀ ခန့်အကွာ၌ သစ်ရွက်များဖြင့် ဖုံးအုပ်ထားသော အမ်(၂၂)ပုံစံ သေနတ် ၆ လက်နှင့် အမ်(၂၅)ပုံစံ သေနတ် ၄ လက်၊ စုစုပေါင်း ၁၀ လက်အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ ဧပြီလ ၂၅ ရက်နေ့ကလည်း ရက္ခိုင့်တပ်မတော်မှ တပ်သားအဆင့်ရှိ ထွန်းထွန်းဝင်း (၃၁) နှစ်၊ (ဘ) ဦးထွန်းခိုင်အားအမ် (၂၂) ပုံစံသေနတ် တစ်လက်၊ ၎င်းကျည် ၃၀၊ ကျည်အိမ် နှစ်ခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ယူနီဖောင်းတစ်စုံတို့နှင့် အတူ ကုလားချောင်း ကျေးရွာမြောက်ဘက် မီတာ ၁၀၀၀ ခန့်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ယခုဖမ်းဆီးမှုများနှင့် ပတ်သက်၍ ရက္ခိုင့်တပ်မတော်မှ တစုံတရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

မိဖုရား
Credit - MID



SHARE THIS
Previous Post
Next Post