UNICEF က ရခိုင် စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီထောက်ပံ့

ကျောက်တော်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည် ၅ဝဝ ကျော်အတွက် UNICEF က အကူအညီအဖြစ် လူသုံးကုန် ပစ္စည်းများကို ဧပြီလ ၂၇ ရက်နေ့က ပေးပို့လိုက်ပြီ ဖြစ်ကြောင်း စစ်တွေရှိ UNICEF ရုံးတာဝန်ခံYosi Burckhardt က MID NEWS သို့ အတည်ပြုပြောသည်။

UNICEF ၏ ထောက်ပံ့ပစ္စည်းများကို ကျောက်တော်သို့ ပို့ဆောင်ရန် ပြင်ဆင်နေစဉ်
“အခုကူညီတဲ့ ပစ္စည်းတွေကတော့ အဝတ်အစား၊ မီးဖိုချောင်သုံး ပစ္စည်းတွေ၊ စောင်တွေ၊ အိုးခွက် ပန်းကန်တွေ ပါပါတယ်။ နောက် တာပေါ်လင်စတွေနဲ့ ကြိုးတွေကိုလည်း ဆက်ပြီးပေးပို့သွားဖို့ အစီအစဉ် ရှိပါသေးတယ်။ အခုလို ကူညီပေးခွင့် ရတာကိုကျမတို့ UNICEF အနေနဲ့ အခွင့်အရေးတစ်ခုလို့ ထင်မြင် မိပါတယ်”ဟု သူမက ပြောဆိုသည်။

UNICEF အနေဖြင့် ပြည်နယ် အစိုးရအဖွဲ့မှ လက်ခံရရှိသော စာရင်းအရ စစ်ဘေးရှောင် အိမ်ထောင်စု ၁၁၅ စု (လူဦးရေ ၅၇၈ ဦး) အတွက် အဝတ်အထည်နှင့် အိမ်သုံးပစ္စည်း ၂၆ မျိုးပါ အထုပ်ပေါင်း ၁၁၅ ထုပ်ကိုဧပြီလ ၂၈ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ စစ်ဘေးရှောင် ဒုက္ခသည်များထံ ပေးပို့လိုက်ပြီဖြစ်သည်။

“လတ်တလော ရွှေ့ပြောင်းလာခဲ့ရတဲ့အတွက် သူတို့တွေမှာဘာမှ ပါမလာဘူးလေ။ ဒါကြောင့် သူတို့တွေ လိုအပ်မယ့် အဝတ်အထည်၊ အိုးခွက် ပန်းကန်တွေကို အခုလိုဦးစားပေး ကူညီပေးတာ ဖြစ်ပါတယ်” ဟု စစ်တွေရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုး က ပြောသည်။

အဆိုပါ ပစ္စည်းများကို UNICEF အနေဖြင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနနှင့် ပူးပေါင်း ပေးပို့လိုက်ခြင်း ဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင် ပြည်သူများမှာ ကျောက်တော်မြို့နယ်နှင့် ပလက်ဝ နယ်စပ်အကြား ရခိုင် လက်နက်ကိုင်များနှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲများ ပြင်းထန်နေမှုကြောင့်၊ ယင်းအနီး တ၀ိုက်ရှိ ကျေးရွာ အချို့မှ ထွက်ပြေး တိမ်းရှောင်လာသူများ ဖြစ်ကြသည်။

လေးမြို့ 
(မြန်​မာပြည်​အ​နောက်​ဖက်​သတင်းမီဒီယာ)
 http://maruthura.blogspot.com  
Credit - MID



SHARE THIS
Previous Post
Next Post