မြန်မာ့အရေးကျွမ်းကျင်သူ၏ သမ္မတ ဖြစ်လာနိုင်သူများ ခန့်မှန်းချက်ထဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်လည်း ပါဝင်

ရန်ကုန်၊ ဇွန်လ ၂၇

မြန်မာအရေး ကျွမ်းကျင်သူ လယ်ရီဂျေဂင်၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီးတွင် မြန်မာနိုင်ငံ၌ သမ္မတ ဖြစ်လာနိုင်သူများ ခန့်မှန်း စာရင်းထဲတွင် လက်ရှိ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း လည်း
ပါဝင်နေသည်။

လယ်ရီဂျေဂင်၏ သမ္မတလောင်း အဖြစ် ခန့်မှန်းချက်ထဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း နာမည်အား အခြား ပုဂ္ဂိုလ် သုံးဦးနှင့် အတူ ပါဝင်နေသည်ဟု ဇွန်လ ၂၅ ရက်နေ့ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြထားသည်။

လယ်ရီဂျေဂင်၏ ခန့်မှန်းချက်ထဲတွင် သမ္မတလောင်း အဖြစ်နိုင်ဆုံးသူမှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဖြစ်ပြီး တစ်ခြား ဖြစ်နိုင်သူများမှာ ကြံ့ခိုင်ရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး၊ သမ္မတရုံး ၀န်ကြီး ဦးစိုးမောင်နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းတို့ ဖြစ်ကြသည်။

လက်ရှိကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်သည် ရှေ့လတွင် တပ်မတော်မှ အနားယူပြီး ရွေးကောက်ပွဲတွင် ထားဝယ် မဲဆန္ဒနယ်မှ ပါဝင် ယှဉ်ပြိုင်ကာ ဒုတိယ သမ္မတ ဖြစ်လာနိုင်ကြောင်း လယ်ရီက ခန့်မှန်းထားသည်။

လက်ရှိ သမ္မတ ဦးသိန်းစိန်မှာ အနားယူမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီက အပြည့်အ၀ ထောက်ခံမည် မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်လည်း ၅၉(စ) ကို မပြင်ဆင်နိုင်သေးသဖြင့် သမ္မတ ဖြစ်ဖွယ် မရှိကြောင်း သူက ခန့်မှန်းထားသည်။

လယ်ရီဂျေဂင်သည် မြန်မာ့အရေးကို ကျွမ်းကျင်သူဖြစ်ပြီး ဗိုလ်ချုပ် ခင်ညွှန့် ထိန်းသိမ်းခံရမည်ဟု တစ်လ အလိုလောက်က ခန့်မှန်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

From-Arakan State



SHARE THIS
Previous Post
Next Post