ဦးထင်ကျော် သမ္မတဖြစ်လာခြင်းကို တစ်နိုင်ငံလုံးက ဝမ်းသာအားရကြိုဆိုကြသော်လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဖြစ်လာလျှင် ရခိုင်ဒေသခံတို့ဝမ်းသာအားရ ကြိုဆိုနိုင်ပါ့မလား......




(Short Political Article)
March 16 , 2016
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ မြန်မာနိုင်ငံတွင် မဲအများဆုံးအနိုင်ရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အစိုးရဖွဲ့ခွင့်ရရှိခဲ့ပြီး NLD မှ ဦးထင်ကျော်က သမ္မတဖြစ်လာခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝမ်းပန်းတသာကြိုဆိုထောက်ခံကြသော်လည်း ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ မြန်မာနိုင်ငံတွင် တတိယမဲအများအဆုံး အနိုင်ရထားပြီး ရခိုင်ပြည်နယ်အတွင်း အမတ်နေရာအများဆုံးအနိုင်ရထားသည့် ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်အစိုးရဖွဲ့ခွင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်နေရာတို့အား လုပ်ပိုင်၊ခန့်အပ်ခွင့်မရဘဲ ပြည်မကသာ ချုပ်ကိုင်၍ NLD ပါတီမှ ဦးညီပုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်ထားသွားမည်ဆိုပါက ဦးထင်ကျော် သမ္မတဖြစ်၍ ပြည်သူတွေ ပျော်ရသလိုမျိုး ရခိုင်ဒေသခံတွေက ပျော်နိုင်ပါ့မလား တွေးတောစိုးရိမ်မိပါသည်။
စစ်အာဏာရှင်အုပ်စု၏ ဖိနှိပ်အုပ်စိုးမှုအောက်တွင် ကာလအတော်ကြာနေခဲ့ရသည့် တုံးအောက်က ဖားကဲ့သို့သော သွေးချင်းညီအစ်ကိုများတို့ သည်လွတ်လပ်၍ တရားမျှတသည့် ဒီမိုကရေစီအိပ်မက်ကို မက်လိုစိတ်များပေါက်ဖွားလာချိန်၌ NLD သည် ပြည်မမှ တစ်နိုင်ငံသားလုံး၏ အားကိုး၊မျှော်လင့်ရာ စိတ်ထွက်ပေါက်တစ်ခုဖြစ်သည်မှာ ငြင်းနေစရာမလိုသော အမှန်တရားတစ်ခုဖြစ်သကဲ့သို့ ANP သည် ရခိုင်ရိုးမအနောက်ဖက်မှ သွေးချင်းတို့၏ အနာဂတ်မျှော်လင့်ချက်လည်း ဖြစ်ခဲ့သည်။
ထို့ကြောင့် တရားမျှတပြီး လွတ်လပ်သောနိုင်ငံသားအဖြစ်ကို ရယူလိုသည့် ပြည်မမှ မြန်မာနိုင်သားအများစုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကို ပုံအောကာ မဲပေးခဲ့ကြသကဲ့သို့ တန်းတူအခွင့်အရေးရရှိရေးနှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရလိုကြသော သွေးချင်းတိုင်းရင်းသားရခိုင်ဒေသခံတို့သည့် ANP ပါတီကို အိတ်သွန်ဖာမှောက် မဲပေးခဲ့ကြသည်ကို အများသူငါ သိရှိပြီးလည်း ဖြစ်၏....
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ၅၉ (စ)အရ NLD မှ အာရှသူရဲကောင်းအမျိုးသမီးခေါင်းဆောင်တစ်ဦး သမ္မတ ဖြစ်ခွင့်မရရှိခြင်းကို ပြည်တွင်း၊ပြည်ပမှ မိဘပြည်သူများ စိတ်ချမ်းမသာဖြစ်ခဲ့ရသကဲ့သို့ သွေးချင်းတိုင်းရင်းသားများလည်း စိတ်အလိုမကျဖြစ်ခဲ့ရပါသည်။ သို့သော်လည်း ပြည်မတွင်ပြည်သူအကြိုက် ပြည်သူ့အစိုးရ ၊ ပြည်သူ့သမ္မတနှင့် ဖြစ်နေပြီ...
ထို့အတူ တိုင်းရင်းသားဒေသများတွင်လည်း ဒေသခံဌာနေတိုင်းရင်းသားများအကြိုက် NLD အနေဖြင့် ၂၀၁၈ ဖွဲ့စည်းပုံကို မသွေဖယ်သည့် နည်းလမ်းများဖြင့် ပြည်နယ်အတွင်း အနိုင်ရပါတီကို လုပ်ပိုင်ခွင့်အနည်းငယ်ခွဲဝေပေးမှသာလျှင် ဒေသခံတိုင်းရင်းသားပြည်သူ၏ အိပ်မက်များကို ရှင်သန်ပေးရာ ရောက်နိုင်ပါလိမ့်မည်ဟု ယူဆမိပါသည်။ သို့မဟုတ်ပါက ပြည်မတွင် မည့်သည့် အစိုးရပဲတက်တက် ၊ မည်သည့်ပုဂ္ဂိုလ်ပဲ သမ္မတဖြစ်ဖြစ် ပြည်မမှ ပြည်သူတွေသာ ပျော်ရွှင်လိမ့်မည်ဖြစ်ပြီး တိုင်းရင်းသားတိုင်းအတွက် ကိုယ်ပိုင်အစိုးရဖွဲ့ကာ ဖက်ဒရယ်ပြည်ထောင်စုစနစ်မတည်ဆောက်နိုင်သရွေ့ ပျော်ရွင်ကြရလိမ့်မည် မဟုတ်ပါ.....
ထို့အတူပင် ရခိုင်ဒေသခံများက မဲအများဆုံးအနိုင်ရထားသည့် ANP ပါတီမှ ဝန်ကြီးချုပ်နေရာကို ဒေသခံအကြိုက် ခန့်အပ်ခွင့်ရရှိရေး မျှော်လင့်တောင့်တနေကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို NLD ကသာ ဗဟိုချုပ်ကိုင်၍ ခန့်အပ်လာမည်ဆိုလျှင် ဒေသခံတွေ ဝမ်းသာနိုင်ပါ့မလား....ကိုယ်ချင်းစာ နာတတ်ကြည့်လျှင် သိနိုင်ပါမည်။
တန်းတူအခွင့်အရေးအရ ပြည်မတွင် မဲအများဆုံးအနိုင်ရထားသည့် NLD သမ္မတဖြစ်ခွင့်ရလို့ ပြည်သူတွေ ဝမ်းသာ ပျော်ရွှင်သလိုမျိုး ရခိုင်ဒေသခံပြည်သူများကလည်း ပျော်ရွှင်ခွင့်ရနိုင်ပါ့မလားဆိုသည်မှာ....ကံကြမ္မာသာ ဖန်ဆင်းရှင်ဖြစ်ပါ၏....လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်....
မာရုသူရ
(တိုင်းရင်းသားတစ်ဦး၏ ခံစားချက်)

SHARE THIS
Previous Post
Next Post