NLD အနေဖြင့် ဦးညီပုအား ဝန်ကြီးချုပ်ခန့်အပ်ခြင်းသည် ဒီမိုကရေစီကို အလေးမထားရာရောက်ကြောင်း ANP မှ ဝေဖန်




(Political News)
March 4 , 2016
ရခိုင်ပြည်နယ်တစ်ခုလုံး မဲအများဆုံးအနိုင်ရရှိထားသော ANP ၏ ဆန္ဒနှင့်သဘောထားကို မျက်ကွယ်ပြု၍ ဦးညီပုအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းသည် NLD အနေဖြင့် ဒီမိုကရေစီကို အလေးမထားရာ ရောက်ကြောင်း ရခိုင်အမျိုးသားပါတီ ANP မှ ဝေဖန်ပြောကြားလိုက်ကြောင်း သိရသည်။

“ANP က ပြည်နယ်လွှတ်တော်နေရာ ၂၃ နေရာကို နိုင်ထားတယ်။ ဒါဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီကျကျ ရွေးကောက် တင်မြှောက်ထားတာပါ။ အများဆုံးအနိုင်ရထားတဲ့ ကျနော်တို့ပါတီကသာ ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖို့နှင့် ၀န်ကြီးချူပ်နေရာကို ရရှိသင့်ပါတယ်။ ဒါပေမယ့် NLD က ခုလို ကျနော်တို့ရဲ့ သဘောထားကို သွေဖီပြီး လုပ်တယ်ဆိုတာဟာ ဒီမိုကရေစီကို အလေးမထားတာပါ။ ဒီလိုမျိုး ရှေ့ဆက်သွားရင် NLD ရဲ့ ဒီမိုကရေစီဟာ မကြာခင်မှာပဲ တိုင်းရင်းသားတွေနဲ့ ထပ်တူကျလာတော့မှာ မဟုတ်ပါဘူး” လို့ ANP ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက ပြောကြောင်း RIA ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါကိစ္စသည် ယနေ့(မတ်လ-၄ ရက်နေ့)၊ နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးအပြီး ဦးညီပုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း NLD မှ ပြောခွင့်ရ ဦးဝင်းထိန်၏ မီဒီယာများကို ထုတ်ဖော်ပြောကြားချက်အရ ANP မှ တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမြတ်ခိုင်

SHARE THIS
Previous Post
Next Post