မင်းပြားမှ ဘေးတွဲဆိုင်ကယ်ကိစ္စ ဝန်ကြီးဌာနထိ တင်ပြထားကြောင်း စည်ပင်သာယာဆို


(မင်းပြား)
May 25 , 2016

လတ်တလောလူစိတ်ဝင်စားမှုမြင့်တက်နေသော မင်းပြားက ဘေးတွဲဆိုင်ကယ်များ မောင်းနှင်ခွင့်မပြုသည့်ကိစ္စအား ဥပဒေတစ်ရပ်ပြဌာန်းကာ မောင်းနှင်ခွင့်ရရှိရေး အထက်သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြအကူအညီတောင်းခံထားကြောင်း မြို့နယ်စည်ပင်သာယာကော်မတီမှ သိရသည်။

``အထက်က ညွှန်ကြားချက်ကြောင့် ဘေးတွဲကိစ္စ လောလောဆယ် ရပ်နားထားတဲ့ သဘောပါ.... ဥပဒေတစ်ရပ်ကို ပြဌာန်းပြီး တရားဝင် မောင်းနှင်ခွင့်နိုင်အောင် အထက်ကို တင်ပြထားပါတယ်.... ´´ဟု မြို့နယ်စည်ပင်သာယာကော်မတီမှ အမှုဆောင်ဦးစီးအရာရှိ ဦးဦးရွှေမောင်က ပြောကြားချက်ကို သိရသည်။

မြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဌ ဦးခင်ဇော်ဝင်းကလည်း ဤဘေးတွဲကိစ္စသည် နိုင်ငံတော်တွင် ပြဌာန်းမထားသည့် ဥပဒေကိစ္စရပ်တစ်ခုဖြစ်နေသဖြင့် လောလောဆယ်ညွှန်ကြားချက်အရ ယာယီသဘော တားမြစ်ထားမှုအပေါ် အနည်းငယ်စိတ်ရှည်သည်းခံပေးကြရန် လိုအပ်ကြောင်းနှင့် တရားဝင်မောင်းနှင်ခွင့်ရရှိရေး ၊ ဥပဒေတစ်ရပ်ပြဌာန်းနိုင်ရေး အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းကာ နည်းလမ်းရှာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

ထို့ပြင် စည်ပင်သာယာကော်မတီမှ ဦးကျော်ဝင်းခိုင်ကလည်း ဘေးတွဲဆိုင်ကယ်ကိစ္စအား တရားဝင်မောင်းနှင်ခွင့်ရရှိရေး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးလှအောင်ညွှန့်နှင့် ပူးပေါင်းကာ ဥပဒေတစ်ရပ်ပြဌာန်းနိုင်ရေးနှင့် အမြန်ဆုံးခွင့်ပြုချက်ရရှိရေးတို့အတွက် ကြိုးစားနေကြောင်း  သိရသည်။

အဆိုပါဘေးတွဲများအား မြို့အတိုင်းအတာဖြင့် ထောက်ရှုကာ အစီးရေကန့်သတ်ခြင်း ၊ ဘေးတွဲဆိုင်ကယ်များအနေဖြင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့် ကိုက်ညီ၊လိုက်နာမှုရှိရေး ၊ အနှေးယာဉ်ဆိုက်ကားရပ်နား နယ်မြေများနှင့် ဘေးတွဲဆိုင်ကယ်များ ရပ်နား၊ဂိတ်ထိုးမည့်နေရာများအား သီးခြားသတ်မှတ်ပေးရန် လိုအပ်ကြောင်းကိုလည်း ဦးခင်ဇော်ဝင်းက  ဖြည့်စွက်ပြောကြားခဲ့ပါသည်။

လက်ရှိတွင် ဘေးတွဲဆိုင်ကယ်များအား မောင်းနှင်ခွင့်တားမြစ်ထားခြင်းသည် ရခိုင်ပြည်နယ်တွင် မင်းပြားမြို့တစ်မြို့တည်းသာ ဖြစ်ကြောင်း သိရပြီး တားမြစ်ခံထားရခြင်းမှာ လက်ရှိတရားဝင်ခွင့်ပြုချက်ရထားသည့် အနှေးယာဉ်ဆိုက်ကားသမားများနှင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတို့ အကြား ပြေလည်မှုမရှိသဖြင့် တရားဝင်မဖြစ်သေးသည့် ဘေးတွဲဆိုင်ကယ်များအား မောင်းနှင်ခွင့် ယာယီပိတ်ထားရခြင်းသဘောမျိုးသာ ဖြစ်ကြောင်း စည်ပင်သာယာအဖွဲ့မှ ပြောပြချက်အရ သိရသည်။

သို့သော် အဆိုပါကိစ္စအတွက် တရားဝင်ခွင့်ပြုချက်ရရှိရေးနှင့် ဘေးတွဲဆိုင်ကယ်နှင့် ဆက်စပ်သည့် ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေး ဘေးတွဲမောင်းနှင်သူများ ကိုယ်တိုင်ကလည်း စုပေါင်းလက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာသို့ တင်ပြအသနားခံခြင်းဖြစ်စေ .... ဥပဒေဘောင်တွင်းမှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်၊အသနားခံခြင်းဖြစ်စေ .... အလားတူ လုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်သင့်ကြောင်း မင်းပြားမှ ဥပဒေရေးရာနားလည်သူများက ထောက်ပြ ပြောဆိုနေကြသည်ကိုလည်း ကြားသိရသည်။

မောင်ကာကြီး (လေးမြို့)
ဓာတ်ပုံ - သူရိန်လင်း

SHARE THIS
Previous Post
Next Post