ရေဘေးကြောင့် ကမ်းပြိုကာ နေအိမ်များပြိုဖျက်ခဲ့ရသည့် မင်းပြားမှ မိသားစုများအား ဇ -ဖောင်ဒေးရှင်းမှ အလှူငွေများ ကူညီထောက်ပံ့




(မင်းပြား - ဇူလိုင် ၂၀)

ယခုလအစောပိုင်းက ရေကြီးရေလျှံမှုကြောင့် လေးမြို့မြစ်ကမ်းပါးပြိုကျကာ နေအိမ်များ ပြိုဖျက်ခဲ့ရသည့် ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ပေါ်ရှိ မြစ်ကမ်းနားနေ မိသားစုများအား ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ ၊ နေ့လည် ၂ နာရီခန့်လောက်က မင်းပြားဒေသအခြေစိုက် ဇ-ဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့ငွေများ ပေးအပ်ကူညီနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါကမ်းပါးပြိုကျမှုကြောင့် မိသားစုအချို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အခက်အခဲကြုံတွေ့ရပြီး များစွာ ဒုက္ခရောက်နေကြသည်ကို လူသားချင်း စာနာမိသဖြင့် ယခုကဲ့သို့ ကူညီ၊ထောက်ပံ့ရခြင်း ဖြစ်ကြောင်း ဇ-ဖောင်ဒေးရှင်းမှ ကိုမြတ်စိုးကျော်က ဆိုသည်။

ယခုလအစောပိုင်းက ရေကြီးရေလျှံမှုကြောင့် လေးမြို့မြစ်ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့ကာ မင်းပြားမြို့ပေါ်မှ နေအိမ် (၁၀) လုံးနီးပါးနဲ့ ပြိုဖျက်ခဲ့ပြီး အများစုမှာ နွမ်းပါးသူများဖြစ်ကြသဖြင့် နေစရာ နေရာအခက်အခဲများနှင့် ကြုံ့တွေ့နေရကြောင်း ပြည်တော်လှရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါကမ်းပါးပြိုကျမှုကြောင့် နေအိမ်များပြိုပျက်ကာ နေစရာအခက်အခဲများရှိနေကြသည့် ဦးစိုးတင့်ရပ်ကွက်မှ နေအိမ် (၂)လုံးအတွက် နေအိမ်(၁)လုံးလျှင် ၅၀၀၀၀ သောင်း ကျပ်စီဖြင့် ကျပ် ၁ သိန်းကို ဦးစိုးတင့်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာလူကြီးသူမများ ရှေ့ မှောက်၌ ကာယံရှင် မိသားစုများထံသို့ ပေးအပ်ကူညီနိုင်ခဲ့ပြီး ပြည်တော်လှရပ်ကွက် ၊ လေးဆောင်စုအရပ်မှ ယခုလပိုင်း ကမ်းပြိုမှုကြောင့် ပြိုဖျက်ခဲ့ရသည့် နေအိမ် (၄)လုံးအတွက် နေအိမ်(၁) လုံးလျှင် ကျပ် ၅၀၀၀၀ စီဖြင့် ငွေကျပ် (၂) သိန်းကျပ်ကိုလည်းကောင်း ကာယံရှင်များထံ ကူညီထောက်ပံ့နိုင်ခဲ့ကြောင်း ဇ -ဖောင်ဒေးရှင်းမှ ကိုညီညီအောင်ထံမှ ကြားသိရသည်။

မင်းပြားတွင် လေးမြို့မြစ်ကမ်းပါး ပြိုကျမှုသည် နေ့စဉ်လိုလို ဖြစ်ပွားနေပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေစရာအခက်ကြုံနေရသည့် မိသားစုများအတွက်  သက်ဆိုင်ရာအဖွဲ့အစည်းများက ကြည့်ရှု၊စောင့်ရှောက်မှု အားနည်းနေကြောင်း သိရသည်။

မောင်ကာကြီး (လေးမြို့)
ဓာတ်ပုံ - ညီညီအောင် (ဇ)

SHARE THIS
Previous Post
Next Post