မြန်မာနိုင်ငံ မြို့ကြီးတချို့၊ မြေငလျင်လှုပ်ခတ်

နန်းမြနဒီ DVB ၂၀ ဒီဇင်ဘာလ ၂၀၁၂ ရက် မြန်မာနိုင်ငံ မြို့အတော်များများနဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသတွေမှာ ဒီကနေ့ မနက်ခင်းပိုင်းနဲ့ နေ့လည်ပိုင်းမှာ မြေငလျင်လှုပ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ဒီနေ့ မနက် ၈ နာရီ ပတ်ဝန်းကျင်က ၁ ကြိမ်၊ မနက် ၉ နာရီခန့်က ၁ ကြိမ်၊ မိနစ်ပိုင်းလောက်သာကြာတဲ့ မြေငလျင် ၂ ကြိမ် လှုပ်ရှားသွားခဲ့ပြီး ပျက်စီးမှုတစုံတရာ မရှိခဲ့ပေမယ့် လူတွေ အထိတ်တလန့် အိမ်ပြင်ထွက်ပြေးတာ၊ ဘုရားကုန်းပေါ်တက်ခိုတာ၊ စာသင်ကျောင်းထဲက ကလေးတွေကို အပြင်ကို ခေါ်ထုတ်ရတာတွေ ရှိခဲ့တယ်လို့ တာချီလိတ် ဒေသခံတဦးက ပြောပါတယ်။ ထိုင်းနိုင်ငံထုတ် နေရှင်းသတင်းဌာနမှာလည်း ဒီကနေ့ မနက် ၇ နာရီ ၅၄ စက္ကန့်က မြန်မာနိုင်ငံ မြေအောက်အနက် ၁၀ ကီလိုမီတာအကွာကနေ ပြင်းအား ၄ ဒဿမ ၆ ရစ်ခ်ျတာ စကေးလ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်နဲ့ ချင်းမိုင်ခရိုင် တိုက်အိမ်အမြင့် တချို့အထိ တုန်ခါမှု ခံစားခဲ့ရတယ်လို့ ဖော်ပြပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့မှာတော့ ဒီကနေ့ နေ့လည် ၁၂ နာရီကျော်လောက်က မြေငလျင်အနည်းငယ်လှုပ်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တစုံတရာမရှိဘူးလို့ မန္တလေး ဒေသခံတဦးက ဆိုပါတယ်။ မန္တလေးတိုင်း အထက်ပိုင်း သပိတ်ကျဉ်းမြို့နယ်မှာတော့ ဒီနေ့ နေ့လည် ၁၂ နာရီ ၂၈ မိနစ်မှာ ပြင်းအား ၄ ဒဿမ ၆ ရစ်ခ်ျတာ စကေးလ်ရှိတဲ့ မြေငလျင်တခုဟာ မြို့မြောက်ဘက် ၅ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်သွားတယ်လို့ သပိတ်ကျင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်က ဒီဗွီဘီကို ပြောပါတယ်။ သပိတ်ကျင်းမြို့မှာ မကြာခဏ မြေငလျင်လှုပ်ခတ်နေတာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ဖြစ်ပြီး ဒီဇင်ဘာလထဲမှာတင် အကြိမ်ပေါင်း ၁၆ ကြိမ် ရှိသွားပြီဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးမှုတွေ မရှိသေးပေမယ့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ နေအိမ်တွေ ခိုင်ခံ့အောင် ပြန်ပြင်ဆင်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ အမေရိကန် မြေငလျင်လေ့လာရေးဌာနတခုဖြစ်တဲ့ အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့ (ယူအက်စ်ဂျီအက်စ်)ကလည်း ဒီဇင်ဘာလ ၂ဝ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ ၂၆ မိနစ် ၀၄ စက္ကန့်အချိန်မှာ မန္တလေးတိုင်းဒေသကြီး အထက်ပိုင်း၊ သပိတ်ကျဉ်းမြို့ရဲ့ အရှေ့မြောက်ဘက် ၉ မိုင် ၊ ရွှေဘိုမြို့ အရှေ့မြောက်ဘက် ၃၅ မိုင်ခန့်၊ မြေအောက်အနက် ၉ ဒဿမ ၇ ကီလိုမီတာ (၆ ဒဿမ ၇ မိုင်) မှာ အင်အား ရစ်ချစ်တာစကေး ၄ ဒဿမ ၇ ရှိ ငလျင်တခု လှုပ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ဇလဗေဒ ဌာနက ထုတ်ပြန်ချက်ထဲမှာတော့ - ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ မြန်မာ စံတော်ချိန်(၁၂) နာရီ (၂၄) မိနစ် (၅၆) စက္ကန့်အချိန်မှာ မန္တလေးမြေငလျင်စခန်းက မြောက်ဘက် ၆၈ မိုင် လောက်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း သပိတ်ကျဉ်းမြို့၏ မြောက်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄ ဒဿမ ၆ အဆင့်ရှိ အင်အား အနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိတယ်လို့ ဖော်ပြပါတယ်

SHARE THIS